၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ပထမ(၁၀)ရက်အတွင်း တောင်ကိုရီးယားနိုင်ငံသည် တစ်ပိုင်းလျှပ်ကူးပစ္စည်းများတင်ပို့မှုမြင့်မားခဲ့သော်လည်း ကားများ၊ရေယာဉ်များနှင့် စတီးလ်ပစ္စည်းများတင်ပို့မှုကျဆင်းခဲ့သည့်အတွက် နိုင်ငံ၏စုစုပေါင်းတင်ပို့မှုသည် ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်လျှင် ၂.၃ ရာခိုင်နှုန်းကျဆင်းခဲ့သည်ဟု ကိုရီးယားအကောက်ခွန်ဝန်ဆောင်မှုဌာန(Korea Customs Service)က ၁၂-၁-၂၀၂၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။
တစ်ပိုင်းလျှပ်ကူးပစ္စည်းများတင်ပို့မှုဝင်ငွေသည် ယခင်နှစ်အလားတူကာလထက် ၄၅.၆ ရာခိုင်နှုန်းပိုမိုမြင့်မားခဲ့ပြီး အမေရိကန်ဒေါ်လာ ၄.၆၄ ဘီလီယံ(၁၀ ရက်တာကာလအတွင်း စုစုပေါင်းတင်ပို့မှု၏ ၂၉.၉ ရာခိုင်နှုန်း)ရရှိခဲ့သော်လည်း ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ပထမ(၁၀) ရက်အတွင်း ကားများ၊ ရေယာဉ်များနှင့် စတီးလ်ပစ္စည်းများတင်ပို့မှုကျဆင်းခဲ့သည့်အတွက်နိုင်ငံ၏စုစုပေါင်းပို့ကုန်တင်ပို့မှုဝင်ငွေကျဆင်းခဲ့ခြင်း ဖြစ်ပါသည်။ ကားတင်ပို့မှုဝင်ငွေသည် ယခင်နှစ်အလားတူကာလကထက် ၂၄.၇ ရာခိုင်နှုန်းလျော့နည်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၁.၀၁ ဘီလီယံသာရရှိခဲ့ကြောင်း၊ ရေယာဉ်များတင်ပို့မှုဝင်ငွေသည်လည်း ယခင်နှစ်အလားတူကာလကထက် ၁၂.၇ ရာခိုင်နှုန်းလျော့နည်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၉၂၃ သန်းသာရရှိခဲ့ကြောင်း၊ စတီးလ်ပစ္စည်းများတင်ပို့မှုဝင်ငွေသည်လည်း ယခင်နှစ်အလားတူကာလကထက် ၁၈.၇ ရာခိုင်နှုန်းလျော့နည်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၉၇၆ သန်းသာရရှိခဲ့ကြောင်း Korea Customs Service က ထုတ်ပြန်ထားပါ သည်။
၂၀၂၆ ခုနှစ်၊ဇန်နဝါရီလ ပထမ(၁၀)ရက်အတွင်း ပို့ကုန်ဈေးကွက်အလိုက် တင်ပို့နိုင် မှုကို ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်လေ့လာလျှင် တရုတ်နိုင်ငံနှင့်ထိုင်ဝမ် (တရုတ်- တိုင်ပေ)သို့တင်ပို့မှုတိုးတက်ခဲ့သော်လည်း အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂသို့တင်ပို့မှုဝင်ငွေကျဆင်းခဲ့ပါသည်။နိုင်ငံ၏နံပါတ်(၁)ပို့ကုန်ဈေးကွက် ကြီးဖြစ်သည့် တရုတ်နိုင်ငံသို့ တင်ပို့မှုသည် ၁၅.၄ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ဝင်ငွေအမေရိကန်ဒေါ်လာ ၃.၈၇ ဘီလီယံရရှိခဲ့ပြီး ထိုင်ဝမ်(တရုတ်- တိုင်ပေ)သို့ တင်ပို့မှု ဝင်ငွေသည် ၅၅.၄ ရာခိုင်နှုန်းမြင့်မားကာ အမေရိကန်ဒေါ်လာ ၈၅၂ သန်းရရှိခဲ့ပါ သည်။ သို့သော် အမေရိကန်ပြည်ထောင်စုသို့ တင်ပို့နိုင်မှုသည် ၁၄.၇ ရာခိုင်နှုန်းကျဆင်းကာ အမေရိကန်ဒေါ်လာ ၂.၂၇ ဘီလီယံသာရရှိခဲ့ပြီး ဥရောပသမဂ္ဂသို့ တင်ပို့မှုဝင်ငွေသည်လည်း ၃၁.၇ ရာခိုင်နှုန်းကျဆင်းကာ အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံသာရရှိခဲ့ပါသည်။
အထက်ပါအကြောင်းရင်းများကြောင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ပထမ(၁၀)ရက်အတွင်း တောင်ကိုရီးယားနိုင်ငံ၏စုစုပေါင်းတင်ပို့မှုဝင်ငွေသည် အမေရိကန်ဒေါ်လာ ၁၅.၅၅ ဘီလီယံသာရရှိခဲ့ပြီး ယခင်နှစ်အလားတူကာလက တင်ပို့မှုဝင်ငွေအမေရိကန်ဒေါ်လာ ၁၅.၉၂ ဘီလီယံနှင့်နှိုင်းယှဉ်လျှင် လျော့နည်းရရှိခဲ့သည်ကို Korea Customs Service ၏စာရင်းဇယားများတွင် ဖော်ပြထားပါသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ပထမ(၁၀)ရက်အတွင်း တောင်ကိုရီးယားနိုင်ငံ၏ သွင်းကုန်တင်သွင်းမှု သည် ယခင်နှစ်အလားတူကာလကထက် ၄.၅ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၈.၂၁ ဘီလီယံဖိုးသာတင်သွင်းခဲ့သော်လည်း သွင်းကုန်တင်သွင်းမှုတန်ဖိုးသည် ပို့ကုန်တင်ပို့မှုဝင်ငွေထက် ပိုမိုခဲ့ပါသည်။ သို့ဖြစ် ၍ဖော်ပြပါကာလအတွင်း စုစုပေါင်းအမေရိကန်ဒေါ်လာ ၂.၇ ယီလီယံကုန်သွယ်မှု လိုငွေပြခဲ့ပါသည်။
Source: The Korea Herald