International News

ဗီယက်နမ်နိုင်ငံသည် အိမ်ခြံမြေပိုင်ဆိုင်မှုများအတွက် ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်နေ့မှစ၍ ဒစ်ဂျစ်တယ်အိုင်ဒီကုဒ်များ သတ်မှတ်ပေးသွားမည်

Last Updated:

ဗီယက်နမ်နိုင်ငံသည် အိမ်ခြံမြေပိုင်ဆိုင်မှုများအတွက် ဒစ်ဂျစ်တယ်စနစ်ဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ အဆိုပါအစီအစဉ်သည် ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်နေ့မှစတင်အကျိုးသက်ရောက်မည်ဖြစ်ပြီး နိုင်ငံတစ်ဝန်းရှိ အိမ်ခြံမြေစီမံခန့်ခွဲမှုကို ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် ပိုမိုကောင်းမွန်စေရန်ရည်ရွယ်ကြောင်း ရေးသားဖော်ပြထားပါသည်။

ဗီယက်နမ်နိုင်ငံသည် အမိန့်အမှတ် ၃၅၇/၂၀၂၅/ND-CP ဖြင့် အိမ်ခြံမြေပိုင်ဆိုင်မှုများအတွက် ဒစ်ဂျစ်တယ်စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ အိမ်ရာနှင့် အိမ်ခြံမြေဈေးကွက်ဆိုင်ရာ အမျိုးသားအဆင့် အချက်အလက်စနစ်နှင့် ဒေတာဘေ့စ်ကိုအသုံးပြုကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ၏အိမ်ခြံမြေဆိုင်ရာ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုအတွက် အဓိကခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဥပဒေရေးရာနှင့် ကျင့်သုံးဆောင်ရွက်မည့် အတိုင်းအတာ

အိမ်ရာနှင့် အိမ်ခြံမြေဈေးကွက်အချက်အလက်တည်ဆောက်မှု၊ စီမံခန့်ခွဲမှု၊ ချိတ်ဆက်မှုနှင့် အသုံးချမှုတို့အတွက် အမိန့်အမှတ် ၃၅၇ ဖြင့် စီံမံခန့်ခွဲထားပါသည်။ အဆိုပါစနစ်ကို ဗဟိုနှင့် ဒေသန္တရအဆင့် ၂ ခုလုံးရှိ အိမ်ရာ၊ အိမ်ခြံမြေစီမံကိန်းများ ရောင်းဝယ်မှုများအတွက် ပေးချေမှုများ၊ ဈေးကွက်ဆိုင်ရာ အချက်အလက်များ၊ စံနှုန်းသတ်မှတ်ချက်များ စသည့်တို့အတွက် အဓိကထားဆောင်ရွက်ထားပါသည်။

အမိန့်ကြော်ငြာစာအရ အောက်ဖော်ပြပါအဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များအပေါ် အကျိုးသက်ရောက်မည်ဖြစ်ပါသည်-

(က)    အိမ်ရာနှင့် အိမ်ခြံမြေစီမံခန့်ခွဲမှုတွင် ပါဝင်သော ပြည်နယ်အာဏာပိုင်များ၊

(ခ)     အိမ်ရာနှင့် အိမ်ခြံမြေဈေးကွက်တွင် ပါဝင်သော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ၊

(ဂ)     အိမ်ခြံမြေအချက်အလက်များ ပံ့ပိုးခြင်း၊ ပြင်ဆင်မွန်းမံခြင်းနှင့် အသုံးပြုခြင်းတွင် ပါဝင်သော အခြားသက်ဆိုင်ရာအဖွဲ့အစည်းများ

အိမ်ခြံမြေများအတွက် ဒစ်ဂျစ်တယ်အိုင်ဒီကုဒ်များ မိတ်ဆက်ကျင့်သုံးခြင်း           

ဗီယက်နမ်နိုင်ငံရှိ အိမ်ခြံမြေတိုင်းကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှစ၍ အမျိုးသားအိမ်ရာနှင့် အိမ်ခြံမြေဒေတာဘေ့စ်စနစ်အတွင်း သီးခြားဒစ်ဂျစ်တယ်ကုဒ်များ သတ်မှတ်ပေးသွားမည်ဖြစ်ပါသည်။ ဗီယက်နမ်အစိုးရ၏ကြေညာချက်အရ ဒစ်ဂျစ်တယ်အိုင်ဒီကုဒ်သည်-

(က)    အမျိုးသားစနစ်မှ အီလက်ထရောနစ်နည်းဖြင့် သတ်မှတ်ထားသည့် နံပါတ်ဖြစ်သည်၊

          (ခ)     အိမ်ခြံမြေတစ်ခုစီအတွက် သီးခြားနံပါတ်စီ သတ်မှတ်ပေးသွားမည်ဖြစ်သည်၊

(ဂ)     အိမ်ခြံမြေလွှဲပြောင်း၊ ငှားရမ်းခြင်း၊ အိမ်ရာချေးငွေကဲ့သို့ ငွေပေးငွေယူများအပါအဝင် အိမ်ခြံမြေသက်တမ်းတစ်လျှောက်လုံး မပြောင်းလဲတသမတ်တည်းရှိနေမည်ဖြစ်သည်။

အဆိုပါကုဒ်အမှတ်အသားသည် အုပ်ချုပ်မှုနှင့် ဈေးကွက်လုပ်ငန်းစဉ်များတွင် အိမ်ခြံမြေများခွဲခြားသတ်မှတ်ရန်အတွက် စံသတ်မှတ်ထားသော ကိုးကားချက်အဖြစ်ဆောင်ရွက်ရန်ရည်ရွယ်ပါသည်။ ထို့အပြင် ဗဟိုနှင့် ဒေသန္တရများအကြား ဒေတာတသမတ်တည်းရှိမှုနှင့် အချက်အလက်ဖလှယ်မှုကို အထောက်ကူပြုရန် ရည်ရွယ်ကြောင်း ဖော်ပြထားပါသည်။

စီမံခန့်ခွဲမှုနှင့် လုပ်ငန်းစနစ်လည်ပတ်မှု       

အဆိုပါအမိန့်ကြော်ငြာစာအရ ဆောက်လုပ်ရေးဝန်ကြီးဌာနသည် အမျိုးသားအိမ်ရာနှင့် အိမ်ခြံမြေသတင်းအချက်အလက်စနစ်ကို စီမံခန့်ခွဲခြင်းနှင့် လုပ်ငန်းလည်ပတ်ခြင်းအတွက် တာဝန်ရှိသည်။ ဒေသန္တရာအာဏာပိုင်းမျာအနေဖြင့် ၎င်းတို့၏ စီမံခန့်ခွဲမှုနယ်နမိတ်အတွင်းရှိ အိမ်ရာနှင့် အိမ်ခြံမြေဆိုင်ရာအချက်အလက်များကို စံသတ်မှတ်ထားသော နည်းပညာလိုအပ်ချက်များနှင့်အညီ အချက်အလက်များစုဆောင်းခြင်း၊ ပြင်ဆင်မွန်းမံခြင်းနှင့် ထပ်တူပြုခြင်းတို့ကို စီစဉ်ဆောင်ရွက်ရန် လိုအပ်ပါသည်။

စနစ်တွင် သိမ်းဆည်းထားသော အချက်အလက်များတွင် အောက်ပါတို့နှင့်သက်ဆိုင်သော အချက်အလက်များပါဝင်သည်-

(က)    အိမ်ရာနှင့် အိမ်ခြံမြေစီမံကိန်းများ၊

(ခ)     တစ်ဦးချင်း အိမ်ရာယူနစ်များနှင့် အိမ်ခြံမြေများ၊

(ဂ)     အိမ်ခြံမြေအ‌ရောင်းအဝယ်များ၊

(ဃ)    ဥပဒေအရသတ်မှတ်ထားသည့် အခြားဈေးကွက်ဆိုင်ရာ အညွှန်းကိန်းများ၊

ဤစနစ်ကို သက်ဆိုင်ရာ ပြည်နယ်အေဂျင်စီများအကြား အချက်အလက်များ မျှဝေအသုံးပြုနိုင်ရန်နှင့် အချိန်နှင့်တပြေးညီ တိကျမှန်ကန်စွာ ထိန်းသိမ်းနိုင်ရန်ရည်ရွယ်၍ ရေးဆွဲထားကြောင်း ဖော်ပြ ထားပါသည်။

ဒစ်ဂျစ်တယ်ကုဒ်များနှင့် အိမ်ခြံမြေဒေတာဘေ့စ်များအကောင်အထည်ဖော်ခြင်းသည် အောက်ပါတို့အတွက် ရည်ရွယ်ပါသည်-

(က)  အိမ်ရာနှင့် အိမ်ခြံမြေဈေးကွက်ပွင့်လင်းမြင်သာမှုကိုမြှင့်တင်ရန်၊

(ခ)  အိမ်ခြံမြေလုပ်ငန်းလုပ်ဆောင်မှုများအား နိုင်ငံတော်၏စီမံခန့်ခွဲမှုနှင့် ကြီးကြပ်မှုကို အားကောင်းစေရန်၊

(ဂ)     အိမ်ခြံမြေကဏ္ဍရှိ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို ပံ့ပိုးပေးရန်၊

ဒစ်ဂျစ်တယ်စနစ်သည် မြေယာအသုံးပြုခွင့်၊ အိမ်ခြံမြေပိုင်ဆိုင်ခွင့်ဆိုင်ရာနှင့် သက်ဆိုင်သည့် လက်ရှိတရားဝင်စာရွက်စာတမ်းများကို အစားထိုးရန်မဟုတ်ဘဲ ၎င်းသည် သတင်းအချက်အလက် စီမံခန့်ခွဲမှုနှင့်အတည်ပြုခြင်းကို ပံ့ပိုးရန်အတွက် ဖြည့်စွက်ဒေတာကိရိယာတစ်ခုအဖြစ်လုပ်ဆောင်ကြောင်း ဖော်ပြထားပါသည်။

အိမ်ခြံမြေပိုင်ရှင်များနှင့် ဈေးကွက်အတွင်းပါဝင်သူများအတွက် သက်ရောက်မှုများ

ဒီဂျစ်တယ်စနစ်စတင်အလုပ်လုပ်သည့် အချိန်မှစ၍ အိမ်ခြံမြေပိုင်ရှင်များ၊ ဆောက် လုပ်ရေးသမားများနှင့် အိမ်ခြံမြေဈေးကွက်အတွင်း ပါဝင်သူများသည် အုပ်ချုပ်ရေးနှင့်ငွေပေးငွေယူကိစ္စရပ်များအတွက် စံအဖြစ်သတ်မှတ်ထားသည့် ဒီဂျစ်တယ်ဒေတာကို ပိုမိုအားကိုးလာနိုင်သည်။ အာဏာပိုင်များသည် ဒီဂျစ်တယ်စနစ်စတင်အကျိုးသက်ရောက်သည့် အချိန်အတွက် ပြင်ဆင်မှုအဖြစ် လက်ရှိအိမ်ရာနှင့် အိမ်ခြံမြေအချက်အလက်များကို အမျိုးသားစနစ်ထဲသို့ တဖြည်းဖြည်းပေါင်းစပ်ထည့် သွင်းသွားမည်ဖြစ်ပါသည်။

ဗီယက်နမ်အိမ်ခြံမြေကဏ္ဍတွင် လည်ပတ်နေသော စီးပွားရေးလုပ်ငန်းများသည် ဒီဂျစ်တယ်စနစ်အပြည့်အဝအကောင်အထည်ဖော်ပြီးပါက ဒီဂျစ်တယ်ခွဲခြားသတ် မှတ်ခြင်းနှင့် အစီရင်ခံခြင်းတို့အတွက် ၎င်းတို့၏ပြည်တွင်းဒေတာစီမံခန့်ခွဲမှုလုပ်ငန်း စဉ်များကို လိုအပ်ချက်အသစ်များနှင့်အညီ ပြန်လည်သုံးသပ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း ရေးသားဖော်ပြထားပါသည်။

Source:  https://www.vietnam-briefing.com/news/vietnam-to-assign-digital-id-codes-to-properties new-rules-from-march-1-2026.html/

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News