အိန္ဒိယနိုင်ငံ၏ပြောင်းတင်ပို့မှုသည် ဈေးနှုန်းကွာဟချက်မရှိခြင်းကြောင့် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် ငါးနှစ်တာအတွင်းအနိမ့်ဆုံးအဆင့်သို့ ကျဆင်းခဲ့သော်လည်း ယခုနှစ်တွင် ပြည်တွင်း၌ ထုတ်လုပ်မှုပိုမိုမြင့်မားလာခြင်းနှင့်ပြည်ပဝယ်ယူသူများအတွက် ဈေးနှုန်းများမှာ အဆင်ပြေချောမွေ့လာခြင်းတို့ကြောင့် ပြန်လည်ဦးမော့လာကြောင်း The Hindu Businessline သတင်းဌာနက ယခုလ ၈ ရက်က ဖော်ပြသည်။
ယခုဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာလအထိ တင်ပို့မှုပမာဏမှာ တန်ချိန် ၂ ဒသမ ၈၄ သိန်းကျော်ရှိပြီး ယခင်နှစ် အလားတူကာလရှိ တန်ချိန် ၂ ဒသမ ၃၆ သိန်းနှင့်နှိုင်းယှဉ်ပါက ၂၀ ရာခိုင်နှုန်းမြင့်တက်လာကြောင်းတွေ့ရှိရသည်။ တန်ဖိုးအားဖြင့် ပြောင်းတင်ပို့မှုသည် ဧပြီလမှ အောက်တိုဘာလအတွင်း အမေရိကန်ဒေါ်လာ ၁၁၂ ဒသမ ၄၉ သန်းရှိခဲ့ရာ ယခင်နှစ် အလားတူကာလရှိ အမေရိကန်ဒေါ်လာ ၈၇ ဒသမ ၆၃ သန်းထက် ၂၈ ရာခိုင်နှုန်းတိုးတက်လာကြောင်း သိရသည်။
"ယခုနှစ်တွင် ဈေးနှုန်းများမှာ တွက်ခြေကိုက်သည့်အနေအထားတွင်ရှိနေသဖြင့် ပြောင်းတင်ပို့မှုများဆောင်ရွက်လျက်ရှိပါတယ်။ သို့ရာတွင် အဓိကဈေးကွက်တစ်ခုဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လက်ရှိအခြေ အနေများကြောင့် ကုန်သွယ်မှုကို သတိထားဆောင်ရွက်နေရပါတယ်။" ဟု IGrain India မှ Rahul Chauhan က ပြောကြားခဲ့သည်။ ယခင်နှစ်က ပြည်တွင်းဈေးနှုန်းများမြင့်မားခဲ့ခြင်းကြောင့် အဆိုပါပြောင်းတင်ပို့မှုမှာ သိသိသာသာနှေးကွေးခဲ့ကြောင်း တွေ့ရှိရသည်။
၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်းဈေးနှုန်းများမြင့်မားခြင်း၊ ကြက်ဘဲမွေးမြူရေး၊ အီသနောနှင့် ကော်မှုန့်ထုတ်လုပ်သူများထံမှ ဝယ်လိုအားမြင့်မားခြင်းတို့ကြောင့် ပြောင်းတင်ပို့မှုမှာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၀၁ ဒသမ ၁၇ သန်းရှိသော တန်ချိန် ၅ ဒသမ ၅၆ သိန်းအထိအနိမ့်ဆုံးသို့ ကျဆင်းခဲ့ကြောင်းတွေ့ရှိရသည်။ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် အဆိုပါပြောင်းတင်ပို့မှုမှာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄၄၃ သန်းရှိသော တန်ချိန် ၁၄ ဒသမ ၄၂ သိန်းအထိရှိခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ၏ ၂၀၂၅ ခုနှစ် ခရစ်ဖ်(Kharif)စိုက်ပျိုးရာသီအတွင်း ပြောင်းထုတ်လုပ်မှုသည် တောင်သူများက စိုက်ပျိုးဧရိယာကို သိသိသာသာတိုးချဲ့ခဲ့ခြင်းကြောင့် ယခင်နှစ် အလားတူရာသီရှိ တန်ချိန် ၂၄ ဒသမ ၈ သန်းထက်မြင့်တက်လာပြီး စံချိန်တင်တန်ချိန် ၂၈ ဒသမ ၃ သန်းအထိရှိလာနိုင်မည်ဟုခန့်မှန်းထားကြောင်း သိရသည်။ အိန္ဒိယနိုင်ငံသည် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်း စံချိန်တင်တန်ချိန် ၄၃ ဒသမ ၄ သန်းအထိထုတ်လုပ်ခဲ့ကြောင်း တွေ့ရှိရသည်။
လက်ရှိဖြစ်ပေါ်နေသော ရာဘီ(Rabi)စိုက်ပျိုးရာသီတွင် ယခုလ ၂ ရက်နေ့အထိ ပြောင်းစိုက်ပျိုးမှုဧရိယာမှာ ဟက်တာ ၂၃ ဒသမ ၃၂ သိန်းရှိပြီး ယခင်နှစ် အလားတူကာလရှိ ဟက်တာ ၂၁ ဒသမ ၈၇ သိန်းထက် ၆ ဒသမ ၆ ရာခိုင်နှုန်းပိုမိုမြင့်မားလာကြောင်း သိရသည်။
အိန္ဒိယတစ်နိုင်ငံလုံးရှိ လက်ကားဈေးကွက်များ၏ ပျမ်းမျှလက်ကားဈေးနှုန်းမှာ ၁ ကွင်တယ်(၁၀၀ ကီလိုဂရမ်)လျှင် ရူပီး ၁,၇၁၀ ဝန်းကျင်တွင်ရှိနေပြီး ၎င်းမှာ အစိုးရက သတ်မှတ်ထားသောအနိမ့်ဆုံး အာမခံဈေးနှုန်း(ကြမ်းခင်းဈေး)ဖြစ်သည့် ၁ ကွင်တယ်(၁၀၀ ကီလိုဂရမ်)လျှင် ရူပီး ၂,၄၀၀ ထက် ၂၈ ရာခိုင်နှုန်းခန့်လျော့နည်းနေကြောင်း တွေ့ရှိရသည်။ အဆိုပါဈေးနှုန်းများကျဆင်းလာမှုကြောင့် ကာနာတာကာပြည်နယ်နှင့် တီလန်ဂါနာပြည်နယ်တို့ကဲ့သို့သောပြည်နယ်များတွင် စိုက်ပျိုးထုတ်လုပ်သူများကို ကူညီပံ့ပိုးပေးရန်အတွက် ဈေးကွက်အတွင်း ဝင်ရောက်ထိန်းညှိမှုများကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်းသိရသည်။
အမေရိကန်ပြည်ထောင်စု၊ ယူကရိန်းနိုင်ငံနှင့် ဘရာဇီးနိုင်ငံတို့တွင် အထွက်နှုန်းကောင်းမွန်ခဲ့ခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာထောက်ပံ့မှုများကို မြင့်တက်စေခဲ့ပြီး တင်ပို့သူများအနေဖြင့် နိုင်ငံတကာဝယ်လိုအားကို ပိုမိုထိရောက်စွာ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း Gulati က ပြောကြားခဲ့သည်။
Source: The Hindu Businessline, India’s maize exports rebound on price parity, January 8, 2026.
(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)