International News

အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်တွင် နှစ်သစ်ကူးအကြိုကာလအတွင်း ရူပီးကုဋေ ၂၀၀ ကျော်ဖိုးရောင်းချခဲ့ရပြီး ဝင်ငွေအမြောက်အမြားရရှိခဲ့

Last Updated:

အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်တွင် နှစ်သစ်ကူးအကြိုကာလအတွင်း စီးပွားရေးလုပ်ငန်းများအနေဖြင့် ရူပီးကုဋေ ၂၀၀ ကျော်ဖိုးရောင်းချခဲ့ရပြီး လက်ဆောင်ပစ္စည်းများ၊ ဒိုင်ယာရီများ၊ မုန့်ချိုများနှင့် ပါတီပွဲများမှ ဝင်ငွေအမြောက်အမြားရရှိခဲ့ကြောင်း သိရသည်။

၂၀၂၆ ခုနှစ် နှစ်သစ်ကူးသို့ ရောက်ရှိလာခြင်းသည် ဘီဟာပြည်နယ်၏ မြို့တော်နှင့် အဓိကမြို့ကြီးများရှိ စီးပွားရေးလုပ်ငန်းများကို မြှင့်တင်ပေးခဲ့ကြောင်းနှင့် အဆိုပါအခါသမယတွင် ဟိုတယ်များနှင့် စားသောက်ဆိုင်များတွင်လည်း ဝယ်ယူသူများဖြင့် အလွန်စည်ကားခဲ့ကြောင်း သိရသည်။

ကုန်သွယ်ရေးအဖွဲ့အစည်းများ၏အဆိုအရ လက်ဆောင်ပစ္စည်းနှင့် စာရေးကိရိယာကဏ္ဍမှ ရူပီး ၆၅ ကုဋေမှ ၇၀ ကုဋေခန့်အထိ ကုန်သွယ်မှုပမာဏရရှိခဲ့ကြောင်းသိရသည်။ ကော်ပိုရိတ်လုပ်ငန်းစုများ၊ ပညာရေးဆိုင်ရာအဖွဲ့အစည်းများနှင့်ပုဂ္ဂလိကကုမ္ပဏီများက ဒိုင်ယာရီနှင့်ပြက္ခဒိန် များကို အမြောက်အမြားဝယ်ယူခဲ့ကြခြင်းကြောင့် အဆိုပါကဏ္ဍသည် ရှေ့တန်းမှ ဦးဆောင်နေခြင်းဖြစ်သည်။ မုန့်ချိုနှင့် ကိတ်မုန့်လုပ်ငန်းကဏ္ဍတွင် ရူပီး ၄၅ ကုဋေမှ ၅၀ ကုဋေခန့်အထိ ရောင်းချခဲ့ရကြောင်း တွေ့ရှိရသည်။

နှစ်သစ်ကူးပွဲတော်များအတွက် ကိတ်မုန့်များ၊ချောကလက်များ၊ သစ်သီး ခြောက်များနှင့် ရိုးရာမုန့်ချိုများ၏ဝယ်လိုအားမှာ သိသိသာသာမြင့်တက်လာခဲ့ကြောင်းသိရသည်။ မုန့်ချိုဆိုင်အများအပြားတွင် ဝယ်ယူသူများသည် ညဉ့်နက်သည်အထိ တန်းစီစောင့်ဆိုင်းခဲ့ကြသည်။ နှစ်သစ်ကူးကာလသည် ဟိုတယ်၊စားသောက်ဆိုင်နှင့်အစားအသောက်ဝန်ဆောင်မှု (Catering)ကဏ္ဍများအပေါ်တွင်လည်း သိသာထင်ရှားသော သက် ရောက်မှုရှိခဲ့ကြောင်း BIA ဥက္ကဋ္ဌ Ram Lal Khetan က ပြောကြားခဲ့သည်။ အဆိုပါကဏ္ဍမှ ရူပီး ၅၅ ကုဋေမှ ၆၀ ကုဋေ(အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း)ခန့်အထိ ကုန်သွယ်မှုပမာဏရရှိခဲ့သည်ဟု ခန့်မှန်းရကြောင်း သိရသည်။

ဟိုတယ်ဘိုကင်တင်ခြင်း၊ နှစ်သစ်ကူးပါတီပက်ကေ့ဂျ်များနှင့် မိသားစုညစာစားပွဲများအတွက် ဝယ်လိုအားမှာ ပုံမှန်ထက် ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ ပိုမိုမြင့်မားခဲ့ကြောင်းသိရသည်။ ပန်းများ၊ အလှဆင်ပစ္စည်းများ၊ ဖယောင်းတိုင်များ၊ ပါတီသုံးပစ္စည်းများ၊ အဝတ်အထည်များနှင့် လျှပ်စစ်ပစ္စည်းများ ရောင်းချရမှုကလည်း ဈေးကွက်ကို မြှင့်တင်ပေးခဲ့သည်အဆိုပါကဏ္ဍများမှ ရူပီး ၂၀ ကုဋေမှ ၂၅ ကုဋေခန့်အထိ ထပ်ဆောင်းစီးပွားရေးအခွင့်အလမ်းများရရှိခဲ့ကြောင်း တွေ့ရှိရသည်။

ပြည်နယ်တွင် ငွေကြေးဖောင်းပွမှုများရှိနေသော်လည်း လူထုအနေဖြင့် နှစ်သစ်ကိုကြိုဆိုရန်အတွက် ရက်ရက်ရောရောသုံးစွဲခဲ့ကြကြောင်း CAT အမျိုးသားဒုတိယဥက္ကဋ္ဌ Kamal Nopani က ပြောကြားခဲ့သည်။ ကုန်သွယ်ရေးအသင်းများ၏အဆိုအရ ယခုနှစ်ပြည်နယ်၏စီးပွားရေးလုပ်ငန်းမှာ ယခင်နှစ်ထက် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိပိုမိုမြင့်မားခဲ့ပြီး နှစ်သစ်ကို အားတက်ဖွယ်စတင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် အဆိုပါအလားအလာသည် ယခုလအတွင်း ဆက်လက်ရှိနေမည်ဟု ကုန်သည်များက မျှော်လင့်ထားကြပြီး ၂၀၂၆ ခုနှစ်၏အစကို ဈေးကွက်အတွက် ကောင်းမွန်သော အစပြုမှုတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။

Source:    jagran.com, Bihar sees over 200 crore rupees in New Year's Eve sales: Gifts, diaries, sweets, and parties generate significant revenue, January 13, 2026.

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News