အာရပ်စော်ဘွားများပြည်ထောင်စုနှင့် ဘာရိန်းဘုရင့်နိုင်ငံတို့သည် ၎င်းတို့၏နိုင်ငံသားများအတွက် လေကြောင်းခရီးသွားလာမှုကိုရိုးရှင်းစေရန်၊ စောင့်ဆိုင်းချိန်များကို လျှော့ချရန်နှင့် ပိုမိုမြန်ဆန်ပြီး ပိုမိုချောမွေ့သောခရီးသည်အတွေ့အကြုံများကို ဖန်တီးရန်ပုံစံထုတ်ထားသော နယ်စပ်ဖြတ်ကျော်အစီအစဉ်တစ်ခုဖြစ်သည့် One-Point လေကြောင်းခရီးသွားလာရေး စီမံကိန်း၏စမ်းသပ်အဆင့်ကို စတင်ဆောင်ရွက် ခဲ့ပါသည်။
ဤစီမံကိန်းသည် နှစ်နိုင်ငံအကြား ခရီးသွားလာနေကြသော ခရီးသွားများအား ထွက်ခွာမှုမတိုင်မီ ရှင်းလင်းရေးစနစ်မှတစ်ဆင့် ၎င်းတို့၏ ထွက်ခွာရာလေဆိပ်တွင် ဝင်ခွင့်လုပ်ထုံးလုပ်နည်းများကို ပြီးမြောက်စေရန် လုပ်ဆောင်နိုင်စေမည်ဖြစ်ပြီး ပထမအဆင့်တွင် Zayed အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ဘာရိန်းအပြည်ပြည်ဆိုင်ရာလေဆိပ်တို့ပါဝင်မည်ဖြစ်ပါသည်။
ယူအေအီးနိုင်ငံတွင် ဤအစီအစဉ်ကို ဖက်ဒရယ်မှတ်ပုံတင်၊ နိုင်ငံသားဖြစ်မှု၊ အကောက်ခွန်နှင့် ဆိပ်ကမ်းလုံခြုံရေးအာဏာပိုင်အဖွဲ့အစည်းမှ အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပြီး ဘာရိန်းနိုင်ငံမှ ပြည် ထဲရေးဝန်ကြီးဌာနက ပင်လယ်ကွေ့ဒေသပူးပေါင်းဆောင်ရွက်ရေးကောင်စီ၏ အထွေထွေ အတွင်းရေးမှူးချုပ်ရုံးနှင့် အခြားသက်ဆိုင်ရာ အဖွဲ့အစည်းများတို့နှင့်ပူးပေါင်း၍ ၎င်းတို့၏ဘက်မှ အကောင်အထည် ဖော်မှုကို ဦးဆောင်လျက်ရှိပါသည်။
၎င်းစနစ်သည် အီလက်ထရွန်းနစ်ချိတ်ဆက်မှု၊ ဇီဝမက်ထရစ်အတည်ပြုခြင်း၊ e-gates၊ စောင့်ကြည့်ရေးနည်းပညာများနှင့် အဆင့်မြင့်ခရီးသည်အချက်အလက်လုပ်ဆောင်မှုများအပေါ် မှီခိုအားထားရမည်ဖြစ်ပါသည်။ ခရီးသွားများ၏လှုပ်ရှားမှုများကို ရောက်ရှိခြင်းမပြုမီ အတည်ပြုပြီး မှတ်တမ်းတင်ထားသောကြောင့် ခရီးသည်များသည် ၎င်းတို့၏ ဦးတည် ရာဒေသရှိ သမရိုးကျဝင်ခွင့်လုပ်ထုံးလုပ်နည်းများကို ကျော်လွှားနိုင်ပြီး လေဆိပ်များကို ပိုမိုမြန်ဆန်စွာ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ပါသည်။
ယူအေအီးအာဏာပိုင်အဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် Suhail Saeed Al Khaili က ဤစီမံကိန်းသည် အဆင့်မြင့်နည်းပညာနှင့်အချက် အလက်ဖလှယ်မှုများမှတစ်ဆင့် ပိုမိုဘေးကင်းပြီး အဆင်ပြေသော ခရီးသွားအတွေ့အကြုံများကို ပေးအပ်သွားမည့် GCC နိုင်ငံများ၏ ကတိကဝတ်ကို ထင်ဟပ်စေကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းက ဤအစီအစဉ်သည် ခရီးသွားလုပ်ငန်းကို တိုးမြှင့်ရန်၊ နှစ်နိုင်ငံကုန်သွယ်ရေးကို အားကောင်းစေရန်နှင့် လေဆိပ်နှစ်ခုလုံးအား ဒေသတွင်းစီးပွားရေးတိုးတက်မှုကို ပံ့ပိုးပေးသည့် အဓိကထွက်ခွာရာဗဟိုချက်များအဖြစ် ပြောင်းလဲရန်ကူညီပေးနိုင်လိမ့်မည်ဟု မှတ်ချက်ပြုပြောကြားခဲ့ပါသည်။
ဆိပ်ကမ်းများဆိုင်ရာ အာဏာပိုင်အဖွဲ့၏ ခေတ္တညွှန်ကြားရေးမှူးချုပ် Mohammed Ahmed Al Kuwaiti က ဤစီမံကိန်းအား ယူအေအီးနှင့်ဘာရိန်းအကြား မဟာဗျူဟာမြောက်ပေါင်းစည်းမှုကို နက်ရှိုင်းစေသည့် လက်တွေ့ကျသော ဥပမာတစ်ခုအဖြစ် ဖော်ပြခဲ့ပါသည်။ လုံခြုံသောအချက်အလက်ဖလှယ်မှု နှင့် ဒစ်ဂျစ်တယ်အသွင်ပြောင်းမှုသည် အဆိုပါအစီအစဉ်၏ အခြေခံအုတ်မြစ်ဖြစ်ပြီး GCC နိုင်ငံများ တစ်ဝှမ်းရှိ အနာဂတ်စမတ်မိုဘိုင်းစီမံကိန်းများအတွက် တိုးချဲ့နိုင်သောပုံစံတစ်ခအဖြစ် သတ်မှတ်ထားကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။
News Source: Emirates News Agency
(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)