International News

အင်ဒိုနီးရှား၏ ဆီအုန်းကဏ္ဍအတွက် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ခိုင်မာကောင်းမွန်သည့် အဖွဲ့ရှိရန် လိုအပ်

Last Updated:

အင်ဒိုနီးရှားစားအုန်းဆီလုပ်ငန်းသည် ပြည်တွင်းစိန်ခေါ်မှုများအပြင် ကမ္ဘာ့စိန်ခေါ်မှုများကိုပါ ရင်ဆိုင်နေရကြောင်း၊ ထို့ကြောင့် အဆိုပါပြဿနာရပ်များကို ထိရောက်အောင်မြင်စွာဖြေရှင်းနိုင်ရန်အတွက် စားအုန်းဆီကဏ္ဍရှိ ပါဝင်ပတ်သက်သူအားလုံးအကြား ခိုင်မာကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုလိုအပ်ကြောင်း အင်ဒိုနီးရှားစားအုန်းဆီအသင်း(Indonesia Palm Oil Association – GAPKI)၏ဥက္ကဋ္ဌဖြစ်သူ Eddy Martono က Medan မြို့တွင် ၂၀၂၄ ခုနှစ်၊ မေလ ၃၀ ရက်နေ့က ပြုလုပ်ခဲ့သည့် Indonesian Palm Oil Stakeholders Forum တွင် ပြောကြားခဲ့ပါသည်။

Eddy Martono က စားအုန်းဆီကဏ္ဍနှင့်စပ်လျဉ်း၍ ပြည်တွင်းအနေဖြင့် စိန်ခေါ်မှု ၄ ခုရှိကြောင်း၊ပထမစိန်ခေါ်မှုမှာ ဆီအုန်းနှင့် ဇီဝလောင်စာသုံးစွဲမှုမြင့်တက်လျက်ရှိပြီး ထုတ်လုပ်မှုရပ်တန့်နေခြင်းဖြစ်ကြောင်း၊ ဒုတိယစိန်ခေါ်မှုမှာ အလုပ်အကိုင်ဖန်တီးမှုအတွက် Omnibus Law ၏ Article 110A နှင့် 110B ကို အကောင်အထည်ဖော်မှုသည် ဆီအုန်းစိုက်ဧကသန်းပေါင်းများစွာမှာ လုပ်ငန်းဆောင်ရွက်နိုင်ခြင်းမရှိကြောင်း၊ ထိုသို့ဖြစ်ရခြင်းမှာ ယင်းစိုက်ပျိုးမြေများသည်  သစ်တောဧရိယာကို ကျုးကျော်ထားသည်ဟု သံသယရှိသည့်အတွက် စိုက်ပျိုးရာသီတစ်ခုပြီးဆုံးပါက သစ်တောဧရိယာအဖြစ် ပြန်လည်ထားရှိရမည်ဖြစ်ကြောင်း၊ တတိယစိန်ခေါ်မှုမှာ ဆီအုန်းစိုက်ပျိုးသည့် ကုမ္ပဏီများအနေဖြင့် စိုက်ပျိုးရေးဝန်ကြီးဌာန၏ စည်းမျဉ်းအမှတ် ၂၆/၂၀၀၇ အရ  ကုမ္ပဏီများ၏စုစုပေါင်းစိုက်ဧကမှ ၂၀ ရာခိုင်နှုန်းကို ဒေသခံပြည်သူများအတွက် အသေးစားစိုက်ပျိုးမှု(small-scale plantation) ဆောင်ရွက်ပေးရန် သတ်မှတ်ချက်ကိုလိုက်နာရန် ပြည်သူလူထု၏တောင်းဆိုမှုမြင့်တက်လာခြင်းဖြစ်ကြောင်း၊ ထိုသို့သောလူထုတောင်းဆိုမှုများမြင့်တက်လာခြင်းသည် ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှု၊ ယင်းကဏ္ဍရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် အလွန်ဆိုးဝါးပြီး ပဋိပက္ခများအဖြစ်သို့ ဦးတည်သွားကြောင်း၊ Kalimantan အလယ်ပိုင်းတွင် ဆီအုန်းစိုက်ပျိုးထုတ်လုပ်သည့်ကုမ္ပဏီအများအပြား ထိုသို့သောအခြေအနေများနှင့်ကြုံတွေ့နေရပြီး သေချာမဖြေရှင်းနိုင်ပါက အခြားသောဒေသများသို့ပါ ပျံ့နှံ့သွားနိုင်ကြောင်း၊ အဆိုပါအခြေအနေများသည် ဥပဒေပိုင်းဆိုင်ရာ မသေချာမှုကိုဖြစ်ပေါ်စေပြီး ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍတွင် ရေရှည်တည်တံ့သည့် ရင်းနှီးမြှုပ်နှံမှုကို ခြိမ်းခြောက်နေသည့်အခြေ အနေဖြစ်ကြောင်း၊ စတုတ္ထတစ်ခုမှာ အစိုးရ၏လုပ်ထုံးလုပ်နည်းအမှတ် ၅/၂၀၂၁ အရ ဆီအုန်းစိုက်ပျိုးခြင်းမရှိဘဲ စားအုန်းဆီစက်များအတွက် လုပ်ငန်းလိုင်စင်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

၎င်းက ပြည်တွင်းပြဿနာများအပြင် အင်ဒိုနီးရှားဆီအုန်းလုပ်ငန်းအပေါ် အဆိုးမြင်သည့်လှုံ့ဆော်ပွဲများ၊ EU Deforestation free Regulation အကောင်အထည်ဖော်မှုများအပါအဝင် အင်ဒိုနီးရှားနိုင်ငံ၏ဆီအုန်းလုပ်ငန်းမှာ ကမ္ဘာ့ဈေးကွက်တွင်လည်း စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရကြောင်း၊ ထိုသို့သောပြဿနာရပ်များကိုဖြေရှင်းရန် ဆီအုန်းလုပ်ငန်းကဏ္ဍတွင် ပါဝင်ပတ်သက်သူများအားလုံး ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ရန်၊ ဗဟိုအစိုးရ၊ ပြည်နယ်အစိုးရများနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

GAPKI North Sumatra Office ၏ခေါင်းဆောင်ဖြစ်သူ Timbas Prasad Ginting က သစ်တောပြန်လည်စိုက်ပျိုးမှုအစီအစဉ်ကို အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ လုပ်ထုံးလုပ်နည်းများကိုက်ညီမှုရှိသင့်ကြောင်း၊ သစ်တောဧရိယာကို ကျူးကျော်ထားသည်ဟု သံသယရှိဖွယ်စိုက်ခင်းပြဿနာနှင့်သက်ဆိုင်နေကြောင်း၊ မြေပိုင်ဆိုင်မှုလက်မှတ်ကိုင်ဆောင်ထားသည့် အသေးစားလုပ်ငန်းရှင်အများအပြားရှိသော်လည်း အစိုးရထံမှ စိုက်ပျိုးစရိတ်မရရှိသည့်အတွက် သစ်တောပြန်လည်စိုက်ပျိုးသည့်အစီအစဉ်ကို ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း ပြောကြားခဲ့ပါသည်။

North Sumatra တွင် ဆီအုန်းစိုက်ဧက ဟတ်တာပေါင်း ၁.၄ သန်းနီးပါးရှိပြီး ထုတ်လုပ်မှုအနေဖြင့် တစ်နှစ်လျှင် တန် ၂၄ သန်းရှိကြောင်း၊ ဆီအုန်းလုပ်ငန်းသည် North Sumatra ၏မဟာဗျူဟာကျသည့်လုပ်ငန်းဖြစ်ပြီး အဆိုပါ ပြည်နယ်ရှိ အလုပ်သမားများအတွက် အလုပ်အကိုင်အများဆုံးဖန်တီးပေးသည့်လုပ်ငန်းဖြစ်ကြောင်း၊ Sumut တွင် ဆီအုန်းစိုက်ပျိုးသည့်ကုမ္ပဏီပေါင်း ၂၃၇ ခုရှိကြောင်း ၎င်းထံမှ သိရှိရပါသည်။

ရင်းမြစ်။ Indonesia Palm Oil Association – GAPKI

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News