စင်ကာပူနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား နယ်စပ်ဖြတ်ကျော်လျှပ်စစ်ဓာတ်အား ကုန်သွယ်မှု၊ ကာဗွန်ဓာတ်ငွေ့သိမ်းဆည်းသိုလှောင်မှုနှင့် ရေရှည်တည်တံ့သည့် စက်မှုဇုန်ဆိုင်ရာ နားလည်မှစာချွန်လွှာ ၃ ခုကို စင်ကာပူနိုင်ငံ၊ စွမ်းအင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန တာဝန်ခံဝန်ကြီး Dr. Tan See Leng နှင့် အင်ဒိုနီးရှားနိုင်ငံ၊ စွမ်းအင်နှင့် သတ္တုအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး Dr. Bahlil Lahadalia တို့က တာဝန်ခံဝန်ကြီး Dr. Tan See Leng ၏အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်သည့်ခရီးစဉ်အတွင်း ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့၌ လက်မှတ်ရေးထိုးခဲ့ပါသည်။နားလည်မှုစာချွန်လွှာ ၃ ခုသည် သန့်ရှင်းသော စွမ်းအင်အသွင်ကူးပြောင်းခြင်း၊ စက်မှုလုပ်ငန်းများတွင် ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးကို လွယ်ကူချောမွေ့စေခြင်း၊ ရေရည်တည်တံ့သည့် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်စေရေး နှစ်နိုင်ငံအကြား အောင်မြင်သည့် ပူးပေါင်းဆောင်ရွက်မှုအတွက် ကတိကဝတ်ဖြစ်ပါသည်။
နယ်စပ်ဖြတ်ကျော်လျှပ်စစ်ဓာတ်အား ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာအရ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပြီး ၁၂ လအတွင်း စီးပွားရေးဆိုင်ရာအစီအစဉ်များ၊ လုပ်ထုံးလုပ်နည်းမူဘောင်များနှင့် လိုအပ်သည့်မူဝါဒများကို ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ကာဗွန်ဓာတ်ငွေ့သိမ်းဆည်း သိုလှောင်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာအရ အစိုးရနှစ်ရပ်အကြား ဥပဒေအရ စည်းနှောင်မှုရှိသော သဘောတူစာချုပ်ပါအချက်အလက်များကို လေ့လာရန်အတွက် ပူးတွဲလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းမည်ဖြစ်ပြီး ယင်းသဘောတူစာချုပ်သည် နယ်စပ်ဖြတ်ကျော်ကာဗွန်ဓာတ်ငွေ့သိမ်းဆည်းသိုလှောင်မှုစီမံကိန်းများ အကောင်အထည်ဖော်ရေးအတွက် လိုအပ်မည်ဖြစ်ပါသည်။ ရေရှည်တည်တံ့သည့် စက်မှုဇုန်ဆိုင်ရာ နားလည်မှုစာချွန်လွှာအရ(Bintan၊Batam)နှင့် Karimun တို့တွင် အလားအလာရှိသည့် စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး လေ့လာမှုများပြုလုပ်ရန်အတွက် စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနနှင့် အင်ဒိုနီးရှားနိုင်ငံ၊ စွမ်းအင်နှင့် သတ္တုအရင်း အမြစ်ဝန်ကြီးဌာနတို့ပါဝင်သည့် ပူးတွဲအဖွဲ့ ဖွဲ့စည်းမည်ဖြစ်ပါသည်။
Dr. Tan See Leng က “အင်ဒိုနီးရှားနိုင်ငံနှင့် ဆက်လက်၍ ပူးပေါင်းဆောင်ရွက်မှုတွင် အရေးပါသည့်မှတ်တိုင်တစ်ခုဖြစ်ကြောင်း၊ နားလည်မှုစာချွန်လွှာများသည် ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေးနှင့် ရေရှည်တည်တံ့မှုကို အလေးပေးသည့် လုပ်ငန်းများအတွက် နှစ်နိုင်ငံ၏ ဆောင်ရွက်ချက်များဖြစ်ကြောင်း၊ ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှုနည်းသည့် စွမ်းအင်ရရှိရေး၊ ပတ်ဝန်းကျင်ကို အထောက် အကူပြုသည့်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများတိုးတက်စေရေး စသည်တို့တွင် နှစ်နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။
ရင်းမြစ်။ Ministry of Trade and Industry
(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)