International News

ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုတို့မြှင့်တင်ရန် ယူအေအီးနိုင်ငံနှင့် ဆားဘီးယားနိုင်ငံတို့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်ကို အသက်သွင်း

Last Updated:

ယူအေအီးနိုင်ငံနှင့် ဆားဘီးယားသမ္မတနိုင်ငံတို့အကြား ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်(CEPA)မှာ တရားဝင်အသက်ဝင်လာပြီဖြစ်ပြီး နှစ်နိုင်ငံအကြားစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုကိုခိုင်မာစေမည့် အဓိကခြေလှမ်းတစ်ရပ်ဖြစ်လာခဲ့ပါသည်။

ဤသဘောတူညီချက်သည် ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုစီးဆင်းမှုကို တိုးမြှင့်ရန်ရည်ရွယ်ပြီး ကဏ္ဍပေါင်းစုံတွင်အခွင့်အလမ်းသစ်များကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါသည်။

ယူအေအီးနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်ရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး Dr. Thani bin Ahmed Al Zeyoudi က CEPA ၏အလားအလာကို နှစ်နိုင်ငံလုံးအတွက်အကျိုး ဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှုတို့အတွက် လမ်းကြောင်းသစ်များဖန်တီးပေးခြင်းဖြစ်ပြီး ဤသဘောတူညီချက်သည် အလုပ် အကိုင်များဖန်တီးပေးခြင်း၊ ထောက်ပံ့ရေးကွင်းဆက်များကို အားဖြည့်ပေးခြင်းနှင့် စီးပွားရေးလုပ်ငန်းများအတွက် အဆင်ပြေသောပတ်ဝန်းကျင်တစ်ရပ် ဖန်တီးပေးခြင်းတို့ကို ကူညီပေးလိမ့်မည်ဟု အလေးပေးပြောကြားခဲ့ပါသည်။

ယူအေအီးနှင့်ဆားဘီးယားနိုင်ငံတို့အကြား ရေနံမဟုတ်သော ကုန်သွယ်မှုပမာဏသည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၂၁.၄ သန်းခန့်အထိရောက်ရှိခဲ့ပြီး ၂၀၂၁ ခုနှစ်ကထက် နှစ်ဆတိုးတက်လာခဲ့ပါသည်။ ဤသဘောတူညီချက်ကြောင့် ကုန်သွယ်မှုပမာဏသိသိသာသာတိုးတက်လာမည်ဟုမျှော်လင့်ထားပြီး ၂၀၃၁ ခုနှစ်တွင် ယူအေအီးနိုင်ငံ၏ GDP ကို အမေရိကန်ဒေါ်လာ ၃၅၁ သန်းခန့်ထည့်ဝင်နိုင်မည်ဟု ခန့်မှန်းထားပါသည်။ ဤတိုးတက်မှုသည် အကောက်ခွန်စည်းမျဉ်းများ၏ ၉၆ % ကျော်ကို ဖယ်ရှားခြင်း(သို့မဟုတ်)လျှော့ချခြင်းတို့ဖြင့် ဈေးကွက်ဝင်ရောက်မှုကိုမြှင့်တင်ပေးခြင်းကြောင့်ဖြစ်ပါသည်။

ဆားဘီးယားနိုင်ငံ၏ မဟာဗျူဟာကျသောတည်နေရာနှင့် ကွဲပြားသောစီးပွားရေးအနေအထားတို့က ၎င်းကို အရှေ့ဥရောပနှင့် ဘော်လကန်ဒေသများသို့ဝင်ရောက်ရန်အတွက် အရေးပါသောတံခါးပေါက် တစ်ခုအဖြစ်သတ်မှတ်စေခဲ့ပါသည်။ အဆို ပါ CEPA သည် ပုဂ္ဂလိကကဏ္ဍပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ စိုက်ပျိုးရေး၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် နည်းပညာစသည့်အဓိကကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများကိုအားပေးရန် ရည်ရွယ်ထားပါသည်။

ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ(GCC)ဒေသတွင် ဆားဘီးယားနိုင်ငံ ၏အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်သော ယူအေအီးနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် GCC နှင့် ဆားဘီးယားနိုင်ငံ၏ ကုန်သွယ်မှုစုစုပေါင်း၏ ၅၅ % ကိုရရှိခဲ့ပါသည်။ ဤ CEPA သည် ဖွံ့ဖြိုးမှုမြင့်မားသော စီးပွားရေးကဏ္ဍများတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကိုတိုးမြှင့်ခြင်းအားဖြင့် ဆက်ဆံရေးကို ပိုမိုခိုင်မာစေမည်ဖြစ်ပါ သည်။

ဤသဘောတူညီချက်သည် ယူအေအီးနိုင်ငံ၏အသက်ဝင်လာသော(၁၀)ခုမြောက် CEPA ဖြစ်ပြီး ရေနံမဟုတ်သောကုန်သွယ်မှုကို အမေရိကန်ဒေါ်လာ ၁.၁ ထရီလီယံအထိတိုးမြှင့်နိုင်ရန်နှင့်၂၀၃၁ ခုနှစ်တွင် စီးပွားရေးကိုနှစ်ဆတိုးရန် ကျယ်ပြန့်သောမဟာဗျူဟာ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း သတင်းဖော်ပြထားပါသည်။

Source: Emirates News Agency

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: International News