International News

တောင်ကိုရီးယားသမ္မတက G7 ထိပ်သီးအစည်းအဝေးတွင် ဟော်မုဇ်ရေလက်ကြား၌ လွတ်လပ်စွာသင်္ဘောသွားလာခွင့်ပြန်လည်ထူထောင်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးဖွယ်ရှိမှုအခြေအနေ

Last Updated:

တောင်ကိုရီးယားအစိုးရသည် ကမ္ဘာ့ကုန်သွယ်ရေးအတွက် အရေးပါသည့်ဟော်မုဇ်ရေလက်ကြား(Strait of Hormuz)တွင် လွတ်လပ်စွာသင်္ဘောသွားလာခွင့်(Freedom of Navigation)ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌ မည်သို့ပါဝင်ကူညီနိုင်မည်ကို စိစစ်သုံးသပ်လျက်ရှိကြောင်း သတင်းများအရ သိရှိရပါသည်။

အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား ယာယီငြိမ်းချမ်းရေးသဘောတူညီချက်ရရှိထားပြီးနောက် ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်နိုင်မည်ဟုမျှော်လင့်ထားရာ တောင်ကိုရီးယားအစိုးရ၏အာရုံ စိုက်မှုသည် စစ်ပြီးကာလတည်ငြိမ်ရေးနှင့် ရေလမ်းလုံခြုံရေးပြန်လည် ထူထောင်ရေးဆိုင်ရာ နိုင်ငံတကာကြိုးပမ်းမှုများတွင် ပါဝင်ကူညီရေးဘက်သို့ ရွှေ့ပြောင်းလာဖွယ်ရှိကြောင်း လေ့လာသူများက သုံးသပ်လျက်ရှိကြသည်။

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင် တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Chung Binna က ဟော်မုဇ်ရေလက် ကြား၌ လွတ်လပ်စွာသင်္ဘောသွားလာခွင့်အာမခံနိုင်ရေး ကြိုးပမ်းမှုများတွင် ပါဝင်ကူညီနိုင်မည့်နည်းလမ်းများကို ပြန်လည်သုံးသပ်လျက်ရှိကြောင်း၊ သို့သော် စစ်ဘက်ပိုင်ပစ္စည်းကိရိယာများစေလွှတ်မည်၊ မည်သည့်အမျိုးအစားများအသုံးပြုမည်ဆိုသည်ကို မဆုံးဖြတ်ရသေးကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။

တောင်ကိုရီးယားသမ္မတသည် ပြင်သစ်နိုင်ငံ၌ ကျင်းပမည့် G7 ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ပြီး ဟော်မုဇ်ရေလက်ကြားပြန်လည်ဖွင့်လှစ်ရေးနှင့် စစ်ပြီးကာလတည်ငြိမ်ရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုများကို အခြားခေါင်းဆောင်များနှင့်ဆွေးနွေးဖွယ်ရှိကြောင်း ခန့်မှန်းထားကြသည်။ လေ့လာသုံးသပ်သူများ၏အဆိုအရ ရေလက် ကြားပြန်လည်ဖွင့်လှစ်ခြင်းသည် ပထမအဆင့်သာဖြစ်ပြီး ပင်လယ်မိုင်း ရှင်းလင်းရေး(Mine Clearance)နှင့် ရေကြောင်းလုံခြုံရေးထိန်းသိမ်းရေးလုပ်ငန်းများသည် နောက်တစ်ဆင့်အရေးကြီးသည့် ကိစ္စရပ်များဖြစ်လာမည်ဖြစ်ကြောင်း၊ Ewha Womans University မှ ပါမောက္ခ Park Won-gon က “မိုင်းများမဖယ်ရှားနိုင်သရွေ့ လွတ်လပ်စွာသင်္ဘောသွားလာခွင့် အပြည့်အဝပြန်လည်ရရှိမည် မဟုတ်ကြောင်း”ပြောကြားခဲ့ပြီး သဘော တူညီချက်အသက်ဝင်လာသည့်တိုင် ဟော်မုဇ်ရေလက်ကြား၏ စစ်မဖြစ်မီအခြေအနေသို့ချက်ချင်းပြန်လည်ရောက်ရှိရန်မလွယ်ကူကြောင်းလည်း သုံးသပ်ထားပါသည်။

ထို့ပြင် တောင်ကိုရီးယားနိုင်ငံသည်ကိုရီးယားကျွန်းဆွယ်တွင်ဖြစ်ပေါ်နိုင်သည့် ပဋိပက္ခများအတွက် ပြင်ဆင်ထားသည့် မိုင်းရှင်းလင်းရေးစွမ်းရည်များရှိထားသဖြင့် နိုင်ငံတကာမိုင်းရှင်းလင်းရေးလုပ်ငန်းများတွင် ပါဝင်ကူညီနိုင်သည့်နိုင်ငံများအနက် တစ်နိုင်ငံအဖြစ် သတ်မှတ်ခံထားရကြောင်းသိရှိရပါသည်။ သို့ရာတွင် တောင်ကိုရီးယားရေတပ်၏ မိုင်းရှင်းလင်းရေးရေယာဉ်များမှာ ကမ်းရိုးတန်းဒေသများတွင် အဓိကအသုံး ပြုရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ်သဖြင့် ပင်လယ်ကွေ့ဒေသအထိစေလွှတ်အသုံးပြုရန် ထောက်ပံ့ပို့ဆောင်ရေးနှင့်ထိန်းသိမ်းရေး စိန်ခေါ်မှုများရှိနေကြောင်း စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်များက ပြောကြားထားပါ သည်။

Source: The Korea Times Website (15.6.2026) https://www.koreatimes.co.kr/southkorea/defense/20260615/korea-weighs-role-in-postwar-hormuz-security-initiatives

(ဝင်းပပသူ၊ စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: International News