ဂျပန်နိုင်ငံအစိုးရသည် အခြေခံစားသောက်ကုန်များအပေါ် ကောက်ခံသည့် စားသုံးခွန်လျှော့ချနိုင်ရေးသုံးသပ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း Japan Today သတင်းဌာန၏ အွန်လိုင်းသတင်းတွင် “Japan mulls April 2027 start for consumption tax cut on food: sources” ဟူသော ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။
အဆိုပါသတင်းတွင် ဂျပန်နိုင်ငံအစိုးရသည် အစားအသောက်များအပေါ် ကောက်ခံနေသည့် စားသုံးခွန်နှုန်းထားကို ၂၀၂၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစတင်၍ သုညရာခိုင်နှုန်းအထိ လျှော့ချမည့်အစား ၁ ရာခိုင်နှုန်းအထိသာလျှော့ချရန် စဉ်းစားသုံးသပ်လျက်ရှိကြောင်း၊လက်လီအရောင်း ဆိုင်များ၏ ငွေရှင်းစက်များတွင် ထည့်သွင်းထားသည့်စနစ်များအား ပြောင်းလဲသည့် လုပ်ငန်းစဉ်သည် ခြောက်လခန့်ကြာမြင့်မည်ဟု ခန့်မှန်းထားသည့်အတွက် ဝန်ကြီးချုပ် ဆာနာအဲတာကာအီချီ၏ အစိုးရအဖွဲ့သည် ပြင်ဆင်ချိန်လုံလောက်စေရန်အတွက် သက်ဆိုင်ရာဥပဒေကြမ်းကို ယခုနှစ် ဆောင်းဦးရာသီတွင် အတည်ပြုပြဌာန်းရန် စီစဉ်နေကြောင်း ဖော်ပြထားပါသည်။
ဂျပန်ဝန်ကြီးချုပ်က စားသုံးခွန်လျှော့ချမှုကို နှစ်နှစ်သက်တမ်းသာ သတ်မှတ်မည်ဟု ပြောကြားထားသည့်အတွက် ၂၀၂၉ ခုနှစ်၊ မတ်လကုန်အထိသာ စားသုံးခွန်လျှော့ချပေးမည်ဖြစ်ကြောင်း၊ ဂျပန်အစိုးရအနေဖြင့် စားသုံးခွန်လျှော့ချမှုနှင့်စပ်လျဉ်းသည့် နောက်ဆုံးဆုံးဖြတ် ချက်ကို လာမည့် ဇွန်လနှောင်းပိုင်းတွင် ချမှတ်သွားဖွယ်ရှိကြောင်း၊ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းပြုလုပ်ခဲ့သည့် အောက်လွှတ်တော်ရွေးကောက်ပွဲမဲဆွယ်စည်းရုံးသည့် လှုပ်ရှားမှုတွင်လည်း ဂျပန်ဝန်ကြီး ချုပ်သည် ငွေကြေးဖောင်းပွမှုဒဏ်ကို ခံစားနေရသော အိမ်ထောင်စုများအပေါ် အထောက်အကူဖြစ်စေရန် အစားအသောက်နှင့် ဖျော်ရည်များအပေါ် ကောက်ခံသည့် စားသုံးသူအခွန် ၈ ရာခိုင်နှုန်းကို ၂၀၂၇ ခုနှစ်၊ မတ်လကုန်အထိ ဆိုင်းငံ့ထားလိုသည်ဟု ပြောကြားခဲ့ကြောင်း၊ သို့ဖြစ်ရာ ၂၀၂၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စ၍ အခွန်နှုန်းကို ၁ ရာခိုင်နှုန်းအထိ လျှော့ချခြင်းဖြင့် ၎င်း၏ကတိကဝတ်ကို အပြည့်အဝနီးပါးဖြည့်ဆည်းပေးရာရောက်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ထို့အပြင် ဂျပန်နိုင်ငံအစိုးရသည် နှစ်စဉ် စားသုံးခွန် ၁ ရာခိုင်နှုန်းနှင့် ညီမျှသည့် ယန်းဘီလီယံ ၆၀၀(အမေရိကန်ဒေါ်လာ ၃.၈ ဘီလီယံ)ခန့်ကို ထောက်ပံ့ကြေးများနှင့် အခြားအစီအမံများပုံစံဖြင့် ပေးအပ်၍ အခွန်နှုန်းသုညရာခိုင်နှုန်းအထိ လျှော့ချမည့်နည်းလမ်းအား ထည့်သွင်းစဉ်းစားနိုင်ကြောင်း၊ စားသုံးခွန်နှုန်းထားပြောင်းလဲမှုသည် ငွေရှင်းစက်များတွင် ထည့်သွင်းထားသည့်စနစ် ပြောင်းလဲရမည် ဖြစ်ခြင်း၊ ဆိုင်တွင်းရှိကုန်စည်များတွင် ကပ်ထားသည့် စျေးနှုန်းများပြောင်းလဲရမည်ဖြစ်ခြင်းတို့ကြောင့် လက်လီရောင်းချသူများအနေဖြင့်မူဝန်ထုပ်ဝန်ပိုးများဖြစ်ပေါ် လာနိုင်ကြောင်း ဖော်ပြထားပါသည်။
(ရွှေစင်ဦး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)