အဖြူအမည်း(Monochrome)ထုပ်ပိုးမှုပုံစံဖြင့် ပြောင်းလဲလိုက်သောမုန့်များ တိုကျိုမြို့ရှိ အရောင်းဆိုင်များသို့ ရောက်ရှိလာပြီဖြစ်ကြောင်း NHK သတင်းဌာန၏ အွန်လိုင်းသတင်းတွင် “Snacks in monochrome packaging hit shelves in Tokyo” ဟူသောခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါ သည်။
အဆိုပါသတင်းတွင် လတ်တလောဖြစ်ပေါ်နေသော ရေနံပြတ်လပ်မှုများကြောင့် ဂျပန်နိုင်ငံရှိ လူကြိုက်များသော မုန့်အချို့၏ထုပ်ပိုးမှုပုံစံများကို ယာယီပြောင်းလဲလိုက်ရကြောင်း၊ လူကြိုက်များသည့် အာလူးကြော်နှင့် မုန့်ကြွပ်ထုတ်များကို ယခုအခါ အဖြူအမည်းထုတ်ပိုးမှုပုံစံဖြင့် မြင်တွေ့နေရကြောင်း၊ မင်(Ink)အတွက်အသုံးပြုရသည့် ရေနံထွက်ပစ္စည်းများပြတ်လပ်နေသည့်အတွက်ဂျပန်နိုင်ငံ၏ အဓိကအစားအ သောက်ထုတ်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Calbee သည် မုန့်အမျိုးအမည်(၁၄)မျိုး၏ ထုတ်ပိုးမှုပုံစံကို ပြောင်းလဲခဲ့ကြောင်း ဖော်ပြထားပါသည်။
အလားတူလူကြိုက်များသည့် ပုစွန်အရသာမုန့်တစ်မျိုးဖြစ်သော Kappa Ebisen ကို တိုကျိုမြို့ရှိ စူပါမားကတ်တစ်ခုတွင် အဖြူအမည်းဒီဇိုင်းအသစ်ဖြင့် စတင်မိတ်ဆက်ရောင်းချခဲ့ကြောင်း၊ အဆိုပါမုန့်ထုပ်ပေါ်တွင် ယခင်ကကဲ့သို့မုန့်၏ပုံများကို ထည့်သွင်းထားခြင်းမရှိတော့ဘဲ ထုတ်ကုန်အမည်နှင့် ပုစွန်ပုံတစ်ပုံကိုသာဖော်ပြထားပြီး မုန့်ထုတ်ပေါ်တွင် ရေနံသုံးစွဲမှုကို ချွေတာရန်အတွက် ယခုကဲ့သို့ပြောင်းလဲထုတ်လုပ်ထားသည်ကိုရေးသားဖော်ပြထားကြောင်း၊အခြားအစားအသောက်ထုတ်လုပ်သည့် ကုမ္ပဏီများသည်လည်း အလားတူစီမံဆောင်ရွက်မှုများကို ဆောင်ရွက်နေကြောင်း၊ Kagome ကုမ္ပဏီ သည် ၎င်းတို့၏ ခရမ်းချဉ်သီးဆော့စ်ဘူးခွံပေါ်တွင် ခရမ်းချဉ်သီးပုံအရေအတွက်ကို လျှော့ချခြင်းဖြင့် ထုပ်ပိုးမှုဒီဇိုင်းကို ပြောင်းလဲခဲ့ကြောင်း ဖော်ပြထားပါသည်။
Source: https://www3.nhk.or.jp/nhkworld/en/news/20260602_B4/?shem=rimspwouoe,
(ရွှေစင်ဦး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)