ပုဂ္ဂလိကကဏ္ဍမှ စီးပွားရေးပညာရှင်များက ကုန်သွယ်ရေးတင်းမာမှုများမှာ မျှော်လင့်ထားသည်ထက် လျော့နည်းမည်ဟု ယူဆကာ ၂၀၂၅ ခုနှစ်အတွက် စင်ကာပူနိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို ပိုမိုခန့်မှန်းခဲ့ပါသည်။ အမေရိကန်နိုင်ငံက တစ်ပိုင်းလျှပ်ကူးပစ္စည်းများနှင့် ဆေးဝါးများအပေါ် အကောက်ခွန်နှုန်းချမှတ်လာနိုင်ဖွယ်ရှိပြီး ထိုသို့ချမှတ်လာပါက စင်ကာပူနိုင်ငံ၏ စီးပွားရေးတိုးတက်မှုခန့်မှန်းချက်အပေါ် ကြီးမားသည့် သက်ရောက်မှုဖြစ်လာနိုင်ပါသည်။
စက်တင်ဘာလ ၃ ရက်နေ့တွင် စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့ပညာရှင်များ၏ ၃ လပတ်စစ်တမ်းအရ ၂၀၂၅ ခုနှစ်တွင် စင်ကာပူနိုင်ငံ၏ဂျီဒီပီကို ၂.၄ % ရှိမည်ဟု ခန့်မှန်းခဲ့ပါသည်။ ဇွန်လ စစ်တမ်းတွင် တည်းခိုနေထိုင်မှုနှင့် အစားအသောက်ဝန်ဆောင်မှုကဏ္ဍ၌ ၀.၅ % ကျဆင်းခဲ့ပါသည်။ စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့ ၏စစ်တမ်းအရ စီးပွားရေးပညာရှင်များက ၂၀၂၆ ခုနှစ်တွင် စင်ကာပူနိုင်ငံ၏ တိုးတက်မှုနှုန်းမှာ ၁.၉ % ရှိမည်ဟုခန့်မှန်းကြပြီး ၂၀၂၅ ခုနှစ်အတွက် တိုးတက်မှုမှာ ၂၀၂၄ ခုနှစ်တွင် ၄.၄ % တိုးတက်ခဲ့သည်နှင့်နှိုင်းယှဉ်ပါက လျော့နည်းမည်ဖြစ်ပါသည်။ သို့သော် ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏ဩဂုတ်လတွင်ခန့်မှန်းခဲ့သည့် ၁.၅ % မှ ၂.၅ % အကြားရှိမည်ဖြစ်ကြောင်း ခန့်မှန်းချက်ထက် ပိုများပါသည်။ ၂၀၂၅ ခုနှစ် ဒုတိယ ၃ လပတ်တွင် စင်ကာပူနိုင်ငံ၏ စီးပွားရေးမှာ ၄.၄ % တိုးတက်ခဲ့ပြီး ၂၀၂၅ ခုနှစ် တတိယ ၃ လပတ်တွင် ၀.၉ % ကျဆင်းမည်ဖြစ်ကြောင်း၊ အလုပ် လက်မဲ့နှုန်းမှာ ၂.၂ % ရှိမည်ဖြစ်ကြောင်း စီးပွားရေးပညာရှင်များက ခန့်မှန်းထားပါ သည်။
ပထဝီနိုင်ငံရေးတင်းမာမှုများ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းများနှင့် ဆေးဝါးများအပေါ် အကောက်ခွန်သတ်မှတ်လာနိုင်မှုစသည်တို့သည် စင်ကာပူနိုင်ငံ၏ စီးပွားရေးမျှော်မှန်းချက်ကို ကျဆင်းစေပါသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြည်တွင်းထုတ်လုပ်မှုကို မြှင့်တင်ရန်အတွက် ဆေးဝါးတင်သွင်းမှုအပေါ် ၁၈ လအတွင်း ၁၅၀ % နှင့် ထိုမှတစ်ဆင့် ၂၅၀ % အထိ အကောက်ခွန်နှုန်းမသတ်မှတ်မီ ဆေးဝါးတင်သွင်းမှုအပေါ် အကောက်ခွန်နှုန်းအနည်းငယ်သတ်မှတ်မည်ဖြစ် ကြောင်း၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းများနှင့် chips များအပေါ် အကောက်ခွန်နှုန်းများကြေညာရန်စီစဉ်ထားကြောင်း ဩဂုတ်လက ပြောကြားခဲ့ပါသည်။
Maybank စီးပွားရေးပညာရှင် Dr. Chua Hak Bin က “အမေရိကန်နိုင်ငံတွင် တစ်ပိုင်းလျှပ်ကူးပစ္စည်းများထုတ်လုပ်ခြင်း၊ရင်းနှီးမြှုပ်နှံခြင်းတို့ပြုလုပ်သည့်ကုမ္ပဏီ များမှာ အကောက်ခွန်သတ်မှတ်မှုမှ ကင်းလွတ်ခွင့်ရမည်ဖြစ်ပြီး Micron ၊ Intel နှင့် GlobalFoundries ကုမ္ပဏီများအပါအဝင် စင်ကာပူနိုင်ငံရှိ chip ထုတ်လုပ်သည့်လုပ်ငန်းကြီးများမှာ အမေရိကန်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်လျက်ရှိပြီး အကောက်ခွန်နှုန်းကင်းလွတ်ခွင့်ရသင့်ကြောင်း” ပြောကြားခဲ့ပါသည်။
ရင်းမြစ်။ The Straits Times
(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)