တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ချင်းကျိုးဆိပ်ကမ်းမှတစ်ဆင့် ဒူးရင်းသီးတင်သွင်းမှုသည် ယခုနှစ်တွင် (၅၀)ရာခိုင်နှုန်းတိုးတက်လာခဲ့ပြီး တရုတ်စားသုံးသူများအကြား အရှေ့တောင်အာရှသစ်သီးများ စားသုံးမှုမြင့်တက်လာကြောင်း၊ ထိုင်းနှင့် အခြားဒေသတွင်း စိုက်ပျိုးထုတ်လုပ်သူများထံမှ ဒူးရင်းသီးဝယ်လိုအား သိသိသာသာမြင့်တက်သွားသည်ကို မြင်တွေ့ရကြောင်း အာဆီယံနိုင်ငံများမှသစ်သီးတင်သွင်းမှုကို အဓိကထားဆောင်ရွက်သည့် Guangxi Huanyu International Logistics ကုမ္ပဏီ၏အကြီးအကဲ Ning Yan မှ ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
ထိုင်းနိုင်ငံ၏ထိပ်တန်းဒူးရင်းသီးထုတ်လုပ်တင်ပို့ရောင်းချသည့် လုပ်ငန်းတစ်ခုသည် ယခုနှစ် အတွင်း တရုတ်သို့ ယွမ်သန်း ၂၀(အမေရိကန်ဒေါ်လာ ၂.၈ သန်း)တန်ဖိုးရှိ ပရီမီယံမွန်ထောင်းဒူးရင်းသီးများကို ချင်းကျိုးဆိပ်ကမ်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပြီး အများစုသည် ယန်ဇီမြစ်ဝကျွန်းပေါ်နှင့်ပုလဲမြစ်ဝကျွန်းပေါ်ဒေသများသို့ ဆက်လက်ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ကုမ္ပဏီသည် လတ်ဆတ်မှုနှင့် အရည်အသွေးကို ထိန်းသိမ်းရန် ၎င်း၏ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်မှုအဆင့်တိုင်းကို စောင့်ကြည့်လျက်ရှိပြီး ချင်းကျိုးဆိပ်ကမ်းမှ ပို့ဆောင်ခြင်းသည် ၎င်းတို့၏ဦးစားပေးရွေးချယ်မှုဖြစ်သည်ဟု ၎င်းကုမ္ပဏီ၏ အမှုဆောင်အရာရှိက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ချင်းကျိုးဆိပ်ကမ်းသည် အာဆီယံနိုင်ငံများကို ဈေးကွက်ဖွင့်လှစ်ခြင်းအတွက် ကွမ်ရှီးဒေသ၏ အဓိကတံခါးပေါက်ဖြစ်ပြီး New International Land-Sea Trade Corridor ၏ဗဟိုချက်ဖြစ်ကြောင်း၊ လွန်ခဲ့သောဆယ်နှစ်ခန့်က ပင်လယ်စာတင်ပို့သည့်လုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့သော Huanyu Logistics သည် ကွမ်ရှီးဒေသ၏ ပင်လယ်စာများကို ကမ္ဘာတစ်ဝန်းတွင် ရောင်းချရန် ချင်းကျိုးဆိပ်ကမ်းတွင် အဖွဲ့တစ်ဖွဲ့ထူထောင်ခဲ့ကြောင်း သိရှိရပါသည်။
ထိုအချိန်တွင် ဆိပ်ကမ်းသည် နှစ်စဉ် ကုန်စည်တန်ချိန်သန်း(၁၀၀)အောက်ကိုသာ သယ်ယူပို့ဆောင်ပေးခဲ့သော်လည်း တိုးတက်မည့်အလားအလာများရှိခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ချင်းကျိုးဆိပ်ကမ်းကို သစ်သီးတင်သွင်းမှုအတွက် တရားဝင်ဝင်ပေါက်အဖြစ်သတ်မှတ်ခဲ့ပြီး အမြန်လမ်းကြောင်းကို စတင်ပြေးဆွဲရန်စီစဉ်ခဲ့ကြောင်း၊ Huanyu Logistics ၏အတွေ့အကြုံနှင့်ကျွမ်းကျင်မှုကို အသိအမှတ်ပြုကာ အာဆီယံသစ်သီးဝလံတင်သွင်းမှုအတွက် ဝန်ဆောင်မှုများတိုးချဲ့ရာတွင် အကူ အညီဆောင်ရွက်ပေးရန် ဆိပ်ကမ်းတာဝန်ရှိသူများက ကုမ္ပဏီကို တာဝန်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ပင်လယ်စာတင်ပို့သည့်လုပ်ငန်းမှ လတ်ဆတ်သောသစ်သီးထွက်ကုန်များတင်သွင်းသည့် လုပ်ငန်းသို့ကူးပြောင်းခြင်းသည် ကုမ္ပဏီအနေဖြင့် တရုတ်နိုင်ငံ၏ လျင်မြန်စွာပြောင်းလဲနေသော စားသုံးသူစျေးကွက်အပေါ် ယုံကြည်မှုကြောင့်ဖြစ်ကြောင်း Ning မှ ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
၂၀၂၄ ခုနှစ်တွင် ကွမ်ရှီးဒေသသည် အာဆီယံနိုင်ငံများမှ ယွမ်(၃၄.၈၉)ဘီလီယံတန်ဖိုးရှိ သစ်သီးဝလံတန်ချိန် (၂.၄၈၈)သန်းကိုတင်သွင်းခဲ့ပြီး တရုတ်နိုင်ငံ၏ စုစုပေါင်းသစ်သီးတင်သွင်းမှု၏ သုံးပုံတစ်ပုံကျော်ရှိကြောင်း၊ ယခင်က သစ်သီးတင်သွင်းမှုအတွက် အဓိကဆိပ်ကမ်းမဟုတ်ခဲ့သော်လည်း နှစ်ပေါင်းအတန်ကြာပြီးနောက် ချင်းကျိုးဆိပ်ကမ်းသည် အာဆီယံနိုင်ငံများမှ သစ်သီးဝလံများအတွက် အဓိကပင်လယ်ရေကြောင်း ဝင်ပေါက်တစ်ခုဖြစ်လာခဲ့ကြောင်း သိရှိရပါသည်။
၂၀၂၄ ခုနှစ်တွင် ချင်းကျိုးဆိပ်ကမ်းသည် သွင်းကုန်နှင့်ပို့ကုန်အမျိုးအစားသစ် (၂၃၉)ခုကို ထပ်မံ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ၎င်း၏ ကုန်တင်ကုန်ချတန်ချိန်သည် သန်း(၂၀၀)ကျော်ရှိပြီး ပင်လယ်ရေကြောင်း-ရထားလမ်းဘက်စုံပို့ဆောင်ရေးရထားများသည် နိုင်ငံတကာကုန်းမြေ-ပင်လယ်ရေကြောင်းကုန်သွယ်ရေးစင်္ကြံ(New International Land-Sea Trade Corridor)တစ်လျှောက် ခရီးစဉ်(၁၀,၀၀၀) ကျော်ပြေးဆွဲခဲ့ပြီး၊ ချင်းကျိုးဆိပ်ကမ်းမှတစ်ဆင့် ကုန်သွယ်ရေးစင်္ကြံတစ်လျှောက်ရှိ ပြည်နယ်နှင့် မြို့ကြီးများသို့ ပို့ဆောင်သည့်ကုန်ပစ္စည်းစုစုပေါင်းတန်ဖိုးသည် ယခင်နှစ်ကထက် (၃၁.၃)ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း သိရှိရပါသည်။
Source: https://en.people.cn/n3/2025/0903/c98649-20361695.html
(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)