တရုတ်နိုင်ငံသည် လက်ဖက်ခြောက်လုပ်ငန်းကို အဆင့်မြှင့်တင်ရန် လမ်းညွှန်ချက်များ ထုတ်ပြန်ခဲ့ပြီး ၂၀၃၀ ပြည့်နှစ်တွင် လက်ဖက်ခြောက်လုပ်ငန်းကွင်းဆက်တစ်ခုလုံး၏ စုစုပေါင်းအရွယ်အစားကို ယွမ်(၁.၅) ထရီလီယံ(အမေရိကန်ဒေါ်လာ ၂၁၆ ဘီလီယံခန့်)ရောက်ရှိရန် ဦးတည်ထားကြောင်း သိရသည်။
စက်မှုနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနအပါအဝင် အစိုးရဌာန(၅)ခုမှ ပူးတွဲထုတ်ပြန်သော အဆိုပါလမ်းညွှန်ချက်များသည် လက်ဖက်ခြောက်လုပ်ငန်း၏ အရည်အသွေးနှင့် ထိရောက်မှုကို သိသိသာသာမြှင့်တင်ရန် ရည်ရွယ်ထားပြီး ၂၀၃၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံသည် ကောင်းမွန်စွာထောက်ပံ့ထားသော၊ ပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်သော၊ ဉာဏ်ရည်ထက်မြက်သောနှင့် နိုင်ငံတကာတွင် ယှဉ်ပြိုင်နိုင်သောလက်ဖက်ခြောက်လုပ်ငန်းစနစ်တစ်ခုကို တည်ထောင်ရန် စီစဉ် ထားကြောင်း သိရသည်။
ယင်းလမ်းညွှန်ချက်များသည် ၂၀၂၈ ခုနှစ်အတွက် ရည်မှန်းချက်များကိုလည်းချမှတ်ထားပြီး ရိုးရာလက်ဖက်စိုက်ပျိုးသည့် အဓိကဒေသများတွင် ပုံမှန်တိုးတက်မှုရှိစေရန်နှင့် ထူးခြားသော ဒေသခံလက်ဖက်လုပ်ငန်းများ၏ အရည်အသွေးနှင့် ထိရောက်မှုတို့တွင် ဆက်လက်တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်ကြောင်း၊ လမ်းညွှန်ချက်များသည် ထုတ်ကုန်အမျိုးမျိုးနှင့် သုံးစွဲမှုပုံစံမျိုးစုံနှင့်အတူ စက်မှုလုပ်ငန်းကွင်းဆက်ခေတ်မီမှုကို မြှင့်တင်ရန်ဖော်ပြထားကြောင်း သိရသည်။
ထိုရည်မှန်းချက်များပြည့်မီစေရန်အတွက် လမ်းညွှန်ချက်များသည် သိပ္ပံ-နည်းပညာဆန်းသစ်တီထွင်မှုကို အားကောင်းစေခြင်း၊ ဈေးကွက်အဖွဲ့အစည်းများကို ပြုစုပျိုးထောင်ခြင်းနှင့် အထူးပြုစက်မှုလုပ်ငန်းအစု အဝေးများကို မြှင့်တင်ခြင်းအပါအဝင် အဓိကလုပ်ငန်းတာဝန်များစွာကို ဖော်ပြထားကြောင်း၊ ၎င်းတို့သည် အိမ်သုံးပစ္စည်းများ၊ နေ့စဉ်သုံးဓာတု ပစ္စည်းများ၊အလှကုန်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုကဲ့သို့သောကဏ္ဍများတွင် လက်ဖက်ခြောက်ကုန်ကြမ်းများနှင့် အစိတ်အပိုင်းများအသုံးပြုမှုကို တိုးချဲ့ ရန်ကြိုးပမ်းမှုများကိုလည်း အားပေးကြောင်း သိရသည်။
တရုတ်နိုင်ငံကို လက်ဖက်ခြောက်၏မွေးရပ်မြေအဖြစ်လူသိများပြီး ထောင်စုနှစ်များစွာကတည်းက လက်ဖက်ရည်(ရေနွေးကြမ်း)သည် တရုတ်ယဉ်ကျေးမှုတွင် နက်ရှိုင်းစွာအမြစ်တွယ်ခဲ့ပြီး တရုတ်လူမျိုးများ ၏နေ့စဉ်ဘဝတွင် မရှိမဖြစ်အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့ကြောင်း သိရသည်။
Source: https://www.globaltimes.cn/page/202602/1355402.shtml
(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)