တရုတ်နိုင်ငံကုန်သည်ကြီးများအသင်းမှ မကြာသေးမီက ထုတ်ပြန်ခဲ့သော အစားအသောက်၊ ဒေသထွက်ကုန်များနှင့် တိရစ္ဆာန်ထွက်ပစ္စည်းများတင်သွင်းတင်ပို့မှုဆိုင်ရာ အစီရင်ခံစာအရ တရုတ်နိုင်ငံ၏ သစ်သီး ဝလံစုစုပေါင်းကုန်သွယ်မှုသည် ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၂၅.၂) ဘီလီယံအထိရောက်ရှိခဲ့ပြီး တင်သွင်းမှုနှင့် တင်ပို့မှုနှစ်မျိုးစလုံးတိုးတက်ခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်တွင် သစ်သီးဝလံတင်သွင်းမှုမှာ စုစုပေါင်းအမေရိကန်ဒေါ်လာ(၁၈.၉၄)ဘီလီယံရှိပြီး မက်ထရစ်တန်ချိန်(၉.၀၃၂)သန်းရှိခဲ့ကာ ၂၀၂၄ ခုနှစ်နှင့်နှိုင်းယှဉ်ပါက တန်ဖိုးအားဖြင့် (၆.၇)% နှင့် ပမာဏအားဖြင့် (၁၇.၅)%တိုးတက်လာခဲ့ကြောင်း၊ ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း နှစ်စဉ်တိုးတက်မှုနှုန်းမှာ တန်ဖိုးအားဖြင့်(၁၅.၂)%နှင့် ပမာဏအားဖြင့် (၉.၇)%အထိရောက်ရှိခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံ၏ သစ်သီးတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ (၆.၂၈)ဘီလီယံရှိခဲ့ပြီး တင်ပို့မှုပမာဏမက်ထရစ်တန်ချိန်(၅.၄၈၃)သန်းရှိကာ တန်ဖိုးအားဖြင့် (၄.၉)% နှင့် ပမာဏအားဖြင့် (၈.၃)% အသီးသီးမြင့်တက်ခဲ့ကြောင်း၊ နှစ်စဉ်တိုးတက်မှုနှုန်းမှာ တန်ဖိုးအားဖြင့် (၀.၉)% နှင့် ပမာဏအားဖြင့် (၁.၈)% အထိရှိခဲ့ကြောင်း သိရသည်။
နိုင်ငံအလိုက်တင်သွင်းမှုတန်ဖိုးအရ ၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံသို့ ထိပ်တန်းသစ်သီး တင်သွင်းသည့်(၁၀)နိုင်ငံမှာ ထိုင်း၊ ဗီယက်နမ်၊ ချီလီ၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ ပီရူး၊ အင်ဒိုနီးရှား၊ ဩစတြေးလျ၊ ကမ္ဘောဒီးယားနှင့် အီကွေဒေါတို့ဖြစ်ကြောင်း၊ ၎င်းတို့အနက် ဗီယက်နမ်သည် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ(၃.၇၆)ဘီလီယံဖြင့် ချီလီနိုင်ငံကိုကျော်တက်၍ တရုတ်နိုင်ငံသို့ ဒုတိယအကြီးဆုံး သစ်သီးတင်သွင်းရောင်းချသူဖြစ်လာခဲ့ကြောင်း သိရသည်။
သွင်းကုန်တန်ဖိုးအရ ၂၀၂၅ ခုနှစ်တွင် အဓိကတင်သွင်းသည့်သစ်သီးအမျိုးအစားများမှာ လတ်ဆတ်သောဒူးရင်းသီး(အမေရိကန်ဒေါ်လာ ၇.၄၉ ဘီလီယံ)၊ လတ်ဆတ်သောချယ်ရီသီး(အမေ ရိကန်ဒေါ်လာ ၃.၄၃ ဘီလီယံ)၊ အေးခဲထားသောဒူးရင်းသီး(အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံခန့်)၊ ငှက်ပျောသီး(အမေရိကန်ဒေါ်လာ ၁.၀၆ ဘီလီယံ)၊ လတ်ဆတ်သောကီဝီသီး(အမေရိကန်ဒေါ်လာ ၆၁၀ သန်း)၊ မင်းဂွတ်သီး(အမေရိကန်ဒေါ်လာ ၅၉၀ သန်း)၊ အုန်းသီးအသေး(အမေရိကန်ဒေါ်လာ ၅၈၀ သန်း)၊ လတ်ဆတ်သောလောင်ဂန်သီး(အမေရိကန်ဒေါ်လာ ၅၀၀ သန်း) နှင့် ဘလူးဘယ်ရီသီး (အမေရိကန်ဒေါ်လာ ၄၀၀ သန်းခန့်)တို့ဖြစ် ကြောင်း၊ အဆိုပါသစ်သီး(၉)မျိုးပေါင်းသည် တရုတ်နိုင်ငံ၏ စုစုပေါင်းသစ်သီးတင်သွင်းမှုတန်ဖိုး၏ (၈၄)%ခန့်ရှိကြောင်း သိရသည်။
ဒူးရင်းသီးသည် တရုတ်နိုင်ငံမှ အများဆုံးတင်သွင်းသည့်သစ်သီးအမျိုးအစားဖြစ်ကာ ၂၀၂၅ ခုနှစ်တွင် လတ်ဆတ်သော ဒူးရင်းသီးတင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ(၇.၄၉)ဘီလီယံ(+၇.၁%)အထိရောက်ရှိခဲ့ပြီး မက်ထရစ်တန်ချိန်(၁.၈၆၈)သန်း(+၁၉.၇%)ရှိကြောင်း၊ တရုတ်နိုင်ငံသို့ ဒူးရင်းသီးအဓိကတင်သွင်းသူများမှာ ထိုင်းနိုင်ငံ(အမေရိကန်ဒေါ်လာ ၄.၀ ဘီလီယံ၊ -၀.၄%)နှင့် ဗီယက်နမ်(အမေရိကန်ဒေါ်လာ ၃.၄၄ ဘီလီယံ၊ +၁၇.၁%)တို့ဖြစ်ကြောင်း၊ တင်သွင်းမှုတန်ဖိုးအရ ထိုင်းနိုင်ငံသည် ဆက်လက်ဦးဆောင်နေသော်လည်း ဗီယက်နမ်မှ တင်သွင်းမှုပမာဏသည် ထိုင်းနိုင်ငံကို ပထမဆုံးအကြိမ် ကျော်လွန်ကာ မက်ထရစ်တန်ချိန် (၉၄၀,၀၀၀)(+၂၇.၇%)အထိရောက်ရှိခဲ့ကြောင်း သိရသည်။
အေးခဲထားသောဒူးရင်းသီးများ(HS code 08119090)တင်သွင်းမှုမှာ စုစုပေါင်းအမေရိကန် ဒေါ်လာ(၁.၁)ဘီလီယံ(+၃၀%)ခန့်ရှိပြီး မက်ထရစ်တန်ချိန်(၁၈၀,၀၀၀)ခန့်(+၅၈%)ရှိကြောင်း၊ ထိုင်းနိုင်ငံမှ တင်သွင်းမှုမှာ (၂၅)% ကျဆင်းခဲ့ပြီး မက်ထရစ်တန်ချိန်(၇၂,၀၀၀)ရှိကာ တန်ဖိုးအား ဖြင့် အမေရိကန်ဒေါ်လာ(၄၈၀)သန်း (-၂၆%)ခန့်ရှိကြောင်း၊ ဗီယက်နမ်မှ တင်သွင်းမှုမှာ မက်ထရစ်တန်ချိန်(၉၄,၀၀၀)အထိ သိသိသာသာမြင့်တက်လာခဲ့ပြီး အမေရိကန်ဒေါ်လာ(၄၇၀)သန်းရှိကြောင်း၊ မလေးရှားမှ တင်သွင်းမှုမှာ မက်ထရစ်တန်ချိန် (၁၅,၀၀၀)(-၂၁%)ရှိပြီး တန်ဖိုးအား ဖြင့် အမေရိကန်ဒေါ်လာ(၁၆၀) သန်း(+၂၀%)ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်တွင် ချယ်ရီသီးများသည် တရုတ်နိုင်ငံမှ ဒုတိယအများဆုံးတင်သွင်းသည့်သစ်သီးဖြစ်ပြီး တင်သွင်းမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၃.၄၃)ဘီလီယံ (-၆.၂%)အထိရောက်ရှိခဲ့ပြီး တင်သွင်းမှုပမာဏမှာ မက်ထရစ်တန်ချိန်(၅၈၇,၀၀၀)(+၃၀%)အထိမြင့်တက်လာခဲ့ကြောင်း၊ ၎င်းတို့အနက် ချီလီမှ တင်သွင်းမှုမှာ စုစုပေါင်းအမေရိကန်ဒေါ်လာ (၃.၃၆)ဘီလီယံ(-၅%)ရှိပြီး မက်ထရစ်တန်ချိန်(၅၇၉,၀၀၀) (+၃၂%) ရှိကာ တရုတ်နိုင်ငံ၏ ချယ်ရီသီးတင်သွင်းမှုပမာဏ၏ (၉၉)% ရှိကြောင်း သိရသည်။
ငှက်ပျောသီးတင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ(၁.၀၆)ဘီလီယံ (+၁၇%)ရှိခဲ့ပြီး မက်ထရစ်တန်ချိန်(၁.၉၄)သန်း(+၁၅%)ရှိခဲ့ကြောင်း၊ တရုတ်သို့ အဓိကတင်သွင်းသည့်နိုင်ငံများမှာ ဖိလစ်ပိုင်(အမေရိကန်ဒေါ်လာ ၃၂၀ သန်း၊ +၂၂%)၊ ဗီယက်နမ်(အမေရိကန်ဒေါ်လာ ၂၈၀ သန်း၊ +၇%)၊ အီကွေဒေါ(အမေရိကန်ဒေါ်လာ ၂၁၀ သန်း၊ +၂၇%)နှင့် ကမ္ဘောဒီးယား(အမေရိကန်ဒေါ်လာ ၁၈၀ သန်း၊ +၁၂%)တို့ဖြစ်ကြောင်း၊ ဤလေးနိုင်ငံပေါင်းလျှင် တရုတ်၏ စုစုပေါင်းငှက်ပျောသီးတင်သွင်းမှု တန်ဖိုးနှင့် ပမာဏ၏ (၉၃)% ရှိကြောင်း သိရသည်။
လတ်ဆတ်သော ကီဝီသီးတင်သွင်းမှုသည် အမေရိကန်ဒေါ်လာ(၆၁၀) သန်း(+၁%)အထိရောက်ရှိခဲ့ပြီး မက်ထရစ်တန်ချိန်(၁၅၄,၀၀၀) (+၂%)ရှိကြောင်း၊ နယူးဇီလန်သည် အဓိကတင်သွင်းရောင်းချသည့်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေပြီး တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၆၀၀ သန်း(+၂%) နှင့် မက်ထရစ်တန်ချိန် ၁၅၃,၀၀၀ (+၃%) ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံ၏မင်းဂွတ်သီးတင်သွင်းမှုသည် အမေရိကန်ဒေါ်လာ(၅၉၀)သန်း (-၁၂%)ရှိကာ ပမာဏအားဖြင့် မက်ထရစ်တန်ချိန်(၂၆၀,၀၀၀) (-၅%)ရှိခဲ့ကြောင်း၊ ထိုင်းနိုင်ငံသည် စုစုပေါင်းတင်သွင်းမှုပမာဏ၏ (၈၆)%ရှိပြီး အမေရိကန်ဒေါ်လာ(၄၇၀)သန်း (-၁၁%)နှင့် မက်ထရစ်တန်ချိန် (၂၂၅,၀၀၀)(-၁.၃%)ရောင်းချခဲ့ကြောင်း၊ အင်ဒိုနီးရှားသည် ဒုတိယနေရာတွင် ရပ်တည်ခဲ့ပြီး တင်သွင်းမှုတန်ဖိုး အမေရိကန်ဒေါ်လာ(၁၁၀)သန်း (-၂၀%)နှင့် မက်ထရစ်တန် (၃၃,၀၀၀) (-၃၇%) ရှိကြောင်း သိရသည်။
အုန်းသီးအလုံးသေးတင်သွင်းမှုမှာ စုစုပေါင်းအမေရိကန်ဒေါ်လာ(၅၈၀) သန်း(+၂၆%)ရှိပြီး မက်ထရစ်တန်ချိန် (၁.၁၁၄)သန်း (+၂၂%)ရှိကြောင်း၊ အဓိကတင်ပို့သည့်နိုင်ငံများမှာ ထိုင်းနိုင်ငံ(အမေရိကန်ဒေါ်လာ ၂၈၀ သန်း၊ -၁%)၊ အင်ဒိုနီးရှား(အမေရိကန်ဒေါ်လာ ၂၃၀ သန်း၊ +၉၉.၇%) နှင့် ဗီယက်နမ်(အမေရိကန်ဒေါ်လာ ၅၀ သန်း၊ ပြောင်းလဲမှုမရှိ)တို့ဖြစ် ကြောင်း သိရသည်။
လတ်ဆတ်သောလောင်ဂန်သီး တင်သွင်းမှုသည် အမေရိကန်ဒေါ်လာ (၅၀၀)သန်း (+၃%)အထိရောက်ရှိခဲ့ပြီး မက်ထရစ်တန်ချိန်(၄၀၉,၀၀၀) (+၇%)ရှိကြောင်း၊အဓိကတင်ပို့ရောင်းချသည့်နိုင်ငံများမှာ ထိုင်းနိုင်ငံ(အမေရိကန်ဒေါ်လာ ၄၅၀ သန်း၊ -၁%)၊ကမ္ဘောဒီးယား(အမေရိကန်ဒေါ်လာ ၄၂.၈၇ သန်း၊ +၃၃%)နှင့် ဗီယက်နမ်(အမေရိကန်ဒေါ်လာ ၀.၄၁ သန်း၊ +၈%)တို့ဖြစ်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်တွင် ဘလူးဘယ်ရီသီးတင်သွင်းမှု(HS code 08104000) သည် အမေရိကန်ဒေါ်လာ(၄၀၀)သန်း(+၁၃%)ခန့်ရှိပြီး မက်ထရစ်တန် (၅၂,၀၀၀)(+၃၃%)ရှိကြောင်း၊ ပီရူးသည် အဓိကရောင်းချသူ အဖြစ် ဆက်လက်ရှိနေပြီး တင်သွင်းမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၃၉၀) သန်း (+၂၀%)နှင့် မက်ထရစ်တန်ချိန် (၄၉,၀၀၀) (+၄၃%)ရှိကြောင်း သိရသည်။
Source: https://www.producereport.com/article/chinas-2025-fruit-import-statistics-released
(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)