အီရန်ပဋိပက္ခကြောင့် ထိုင်းနိုင်ငံ၏ GDP ကို ခြိမ်းခြောက်နိုင်သဖြင့် အရေးပေါ်အစည်းအဝေးတစ်ခုကို ဘဏ္ဍာရေးဝန်ကြီး H.E Mr. Ekniti Nitithanprapas က ခေါ်ယူခဲ့ကြောင်း သိရှိရပါသည်။
ရေနံဈေး ၁၀ ဒေါ်လာတက်လာတိုင်း ထိုင်းနိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်ကုန်(GDP)ကို ၀.၂ ရာခိုင်နှုန်းလျှော့ချမည်ဟု ခန့်မှန်းထားသဖြင့် အီရန်ပဋိပက္ခဆက်လက်ဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ဘဏ္ဍာရေးဝန်ကြီးဌာနအမှုဆောင်များ အရေးပေါ်အစည်းအဝေးကို ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ အစပိုင်းမှာပင် အခြေအနေသည် တစ်လအတွင်းပြေလည်သွားလိမ့်မည်ဟု အကဲဖြတ်မျှော်လင့်ထားပါကြောင်း၊ ယခုအခြေအနေသည် မိမိတို့ကနဦးမျှော်မှန်းချက်ထက် ကျော်လွန်သွားခဲ့ပြီး အရှေ့အလယ်ပိုင်းတွင်ဖြစ်ပွားနေသော ပဋိပက္ခများဆက်လက်ပြင်းထန်လာသည်နှင့်အညီ ရေနံစျေးနှုန်းများသိသိသာသာမြင့်တက်လာခဲ့ကြောင်း၊ စီးပွားရေးဆိုင်ရာ အလားအလာများကို ပြန်လည်သုံးသပ်ရန်နှင့်ဆီဈေးတက်ခြင်း၏သက်ရောက်မှုကိုတွန်းလှန်ရန်တုံ့ပြန်ဆောင်ရွက် မှုများပြင်ဆင်ရန်အတွက် ယခုကဲ့သို့အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီး Ekniti က ပြောကြားခဲ့သည်။
ယခုပဋိပက္ခသည် ပထမမျှော်လင့်ထားသည်ထက် ပိုမိုကြာရှည်နိုင်ဖွယ်ရှိပြီး ရေနံစျေးသည် ထိုင်းနိုင်ငံ၏စီးပွားရေးကို ပိုမိုဆိုးရွားသော ခြိမ်းခြောက်မှုဖြစ်စေကြောင်း၊ ထိုင်းနိုင်ငံ၏စီးပွားရေးလုံခြုံရေးအတွက် စွမ်းအင်ဈေးနှုန်းများ၏ ဂယက်ရိုက်ခတ်မှုများကို စောင့်ကြည့်အကဲဖြတ်ရန် အရှေ့အလယ်ပိုင်းဒေသပဋိပက္ခများစောင့်ကြည့်ရေးဗဟိုမှတစ်ဆင့် အစိုးရအနေဖြင့် ယနေ့နှောင်းပိုင်းတွင် နောက်ထပ်အစည်းအဝေးတစ်ရပ်ကျင်းပမည်ဖြစ်ကြောင်း၊ ရေနံစျေးနှုန်းများမြင့်မားလာခြင်းသည် စီးပွားရေးတစ်ခွင်သယ်ယူပို့ဆောင်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ထုတ်လုပ်မှုစရိတ်များကို မြင့်တက်လာစေပြီး ငွေကြေးဖောင်းပွမှုနှင့်အိမ်သုံးအသုံးစရိတ်ကို ဖိအားများထပ်လောင်းဖြစ်စေနိုင်သောကြောင့် အဆိုပါစိုးရိမ်မှုသည် အစိုးရအစီအစဥ်ကို တိုက်ရိုက်သက်ရောက်စေကြောင်း၊ ပိုမိုကြာရှည်သောအခြေအနေတွင်၊ စီးပွားရေးအေဂျင်စီများ သည် သိသိသာသာအားနည်းသော တိုးတက်မှုအလားအလာကို သတိ ပေးထားပြီးဖြစ်ကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။
အစိုးရသည် ဦးစားပေးအလိုက် ရေနံစျေးနှုန်းများကိုစီမံခန့်ခွဲရန်အစီအမံများချမှတ်ထားကြောင်း အစိုးရအိမ်တော်သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့ကြောင်း၊ ပထမအဆင့်အနေဖြင့် Oil Fuel Fund ယန္တရားအပေါ် အဓိကအားကိုးရမည်ဖြစ်ပြီး အခြေအနေမလျော့ပါးလာပါက အစိုးရက ဘဏ္ဍာရေးဝန်ကြီးဌာနကို ထပ်တိုးချေးငွေအာမခံခွင့်ပြုရန် အရေးပေါ်အမိန့်ထုတ်ပြန်ရန် စဉ်းစားမည်ဖြစ်ကြောင်း၊ နောက်ဆုံးရွေးချယ်စရာအနေဖြင့် အစိုးရက နိုင်ငံတော်၏၀င်ငွေတည်ငြိမ်မှုကို ထိန်းသိမ်းထားလိုသောကြောင့်ယစ်မျိုးခွန်ဖြတ်တောက်နိုင်ရေးစဉ်းစားရန်ဖြစ်ကြောင်း၊ ဒီဇယ်နှင့် ဓာတ်ဆီအခွန်အကောက်ခွန်ကို တစ်လီတာလျှင် ၁ ဘတ်ဖြတ်တောက်လိုက်ခြင်းကြောင့် နိုင်ငံတော်၏၀င်ငွေသည် တစ်လလျှင် ဘတ် ၂.၈ ဘီလီယံခန့်လျော့ကျသွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ရေနံလောင်စာရန်ပုံငွေတွင် တရားဝင်ချေးယူခွင့်ကန့်သတ်ချက်မှာ ဘတ် ၄၀ ဘီလီယံဖြစ်ကြောင်း၊ ယင်းတို့အနက် ဘတ်ငွေ ၂၀ ဘီလီယံကို ချေးထားပြီးဖြစ်ကာ စီမံခန့်ခွဲရေးရည်ရွယ်ချက်အတွက် နောက်ထပ်ဘတ် ၂၀ ဘီလီယံချန်ထားခဲ့ကြောင်း သတင်းရင်းမြစ်က ဆိုထားပါသည်။
ရန်ပုံငွေ၏အကြမ်းဖျင်းဘတ် ၁၂ ဘီလီယံလိုငွေပြမှုနှင့်ပတ်သက်၍ ရင်းမြစ်က ၎င်းသည် ကုန်သွယ်မှုလုပ်ဖော်ကိုင်ဖက်များနှင့် တစ်လလျှင်တစ်ကြိမ် ဖြေရှင်းမှုများပြုလုပ်သောကြောင့် စာရင်းအင်းပြတ်တောက်မှုတစ်ခုသာဖြစ်ကြောင်း၊ လာမည့်ဧပြီလတတိယပတ်တွင် ဖြေရှင်းရန် စီစဉ်ထားပြီး အမှန်တကယ်ငွေပေးချေမှုမပြုလုပ်မီ ကမ္ဘာ့ရေနံဈေးသက်သာပါက အနုတ်လက္ခဏာကျဆင်းသွားနိုင်ကြောင်း၊ သုံးလတာအခွန်ဖြတ်တောက်ရန် ပုဂ္ဂလိကကဏ္ဍမှ တောင်းဆိုမှုများအပြင် လေယာဉ်ဆီခွန်လျှော့ပေါ့ပေးရန် လေကြောင်းလိုင်းများမှ တောင်းဆိုမှုများနှင့်ပတ်သက်၍ အစိုးရက အဆိုပြုချက်များကို ထည့်သွင်းစဉ်းစားရန် ပြင်ဆင်ထားကြောင်း၊ သို့သော်လည်း ကုမ္ပဏီများမှ အပိုအမြတ်အဖြစ် အကျိုးအမြတ်ကို ရိုးရှင်းစွာသိမ်းဆည်းထားခြင်းထက် အထူး သဖြင့် သက်သာသောလေယာဉ်ခများမှတစ်ဆင့် စားသုံးသူများထံ ရှင်းရှင်းလင်းလင်းခံစားခွင့်ရှိရမည်ဖြစ်ကြောင်း၊ အဆိုပါအနေအထားသည် စွမ်းအင်ကုန်ကျစရိတ်များမြင့်တက်လာချိန်တွင် အစိုးရကို တွန်းအားပေးခဲ့သည့် သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍများမှ ကျယ်ပြန့်သောဖိအားများကိုထင်ဟပ်စေကာ လေကြောင်းဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များသည် လောင်စာဆီကုန်ကျ စရိတ်များမြင့်မားနေခြင်းမှ လက်မှတ်ဈေးနှုန်းများမြင့်မားလာခြင်းကို ရပ်တန့်ရန်အခွန်နှင့် အခကြေးငွေများသက်သာခွင့်ကိုလည်း ဆန်းစစ်ခဲ့ကြောင်း၊ အစိုးရတွင် အခြေအနေကို စီမံခန့်ခွဲရန် မူဝါဒဆိုင်ရာ ကိရိယာများရှိနေသေးသောကြောင့် ပြည်သူအများ အလွန်အမင်းပူပန်မနေသင့်ပါကြောင်း၊ ရေနံလောင်စာရန်ပုံငွေသည် ယခင်က ဘတ်ငွေ ဘီလီယံ ၁၀၀ ကျော်ရှိသည့် အကျပ်အတည်းကိုဖြတ်ကျော်ခဲ့ပြီး တာဝန်ရှိသူများက လက်ရှိအနေအထားကို စီမံခန့်ခွဲနိုင်သည့်အခြေအနေတွင် ရှိနေပါကြောင်း ဝန်ကြီး Ekniti က ဖြည့်စွက်ပြောကြား ခဲ့သည်။
Source: https://www.nationthailand.com/business/economy/40063908
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)