ထိုင်းနိုင်ငံသည် ပူပြင်းသောရာသီတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်မြင့်တက်နေသဖြင့် ပြည်ပမှသဘာဝဓာတ်ငွေ့ရည်(LNG)တင်ပို့မှုအသစ်ကို လက်ခံရရှိရန်စီစဉ်နေကြောင်း အမည်မဖော်လိုသူ စွမ်းအင်အရာရှိတစ်ဦးက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
အကြမ်းဖျင်းအားဖြင့် တင်သွင်း LNG ၏ ၂၈-၃၀% သည် အမေရိကန်-အီရန်ပဋိပက္ခကြောင့် ပိတ်ထားဆဲဖြစ်သော ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားပါကြောင်း၊ သို့သော်လည်း ထိုင်းနိုင်ငံသို့ တင်ပို့သည့် သင်္ဘောအချို့သည် ရေလက်ကြားကို ရှင်းလင်းထားခဲ့ပြီး လမ်းကြောင်းပေါ်ရှိနေပြီဖြစ်ကြောင်း၊ လက်ရှိအရန်လောင်စာများကို ဧပြီလကုန်အထိခံနိုင်ရန် မျှော်လင့်ထားပြီး ထောက်ပံ့မှုအနှောင့်အယှက်များကို တားဆီးပေးပါကြောင်း၊ ပထဝီနိုင်ငံရေးဆိုင်ရာ ဘေးအန္တရာယ်များကို တုံ့ပြန် သည့်အနေဖြင့် စွမ်းအင်ထိန်းချုပ်ရေးကော်မရှင်(ERC)သည် အရှေ့အလယ်ပိုင်းမှ ထောက်ပံ့ရေးအရင်းအမြစ်များကို ခွဲခြားဆောင်ရွက်စေရန် ပြည်တွင်းဓာတ်ငွေ့တင်ပို့သူ ၇ ဦးကို ညွှန်ကြားခဲ့ကြောင်း၊ အဆိုပါ ကုမ္ပဏီများတွင် အမျိုးသားရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းစု PTT Plc နှင့်၎င်း၏လုပ်ငန်းခွဲ PTT Global LNG၊ ထိုင်းနိုင်ငံ လျှပ်စစ်ထုတ်လုပ်ရေးအာဏာပိုင်အဖွဲ့(Egat)၊ Gulf Development Plc၊ Hin Kong Power Holdings Co၊ B.Grimm Power Plc၊ Electricity Generating Plc နှင့် Siam Cement Plc တို့ပါဝင်ကြောင်း သိရှိရပါသည်။
ထိုင်းနိုင်ငံသည် အရှေ့အလယ်ပိုင်းမှ သွင်းကုန်များအပေါ် မှီခိုအားထားမှုကို လျှော့ချရန်အတွက် အာဖရိက၊ အာရှ-ပစိဖိတ်နှင့် အမေရိကန်တို့ရှိ LNG ထုတ်လုပ်မှုအရင်းအမြစ်အသစ်များကို အရေးပေါ်ရှာဖွေလျက်ရှိကြောင်း၊ ရာသီဥတုဖောက်ပြန်မှုပိုမိုဆိုးရွားလာကာ လျှပ်စစ်ဓာတ်အားလိုအပ်ချက်စံချိန်တင်မြင့်မားလာမည်ဟုမျှော်မှန်းထားသည့် ပူပြင်းသော ရာသီအတွင်း စွမ်းအင်တည်ငြိမ်မှုကို ထိန်းသိမ်းရန် အစားထိုးပေးသွင်းသူများအား သေချာစေရန် အရေးကြီးကြောင်း၊ အပူချိန်မြင့်တက်လာ သည်နှင့်အမျှ လောင်စာပိုမိုစားသုံးရန်မျှော်လင့်ထားသည့် သဘာဝ ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများအတွက် လုံလောက်သောထောက်ပံ့မှုရရှိစေရန် လောင်စာစီမံခန့်ခွဲမှုကို စောင့်ကြည့်နေသည်ဟု Egat မှ အတည်ပြုပြောကြားခဲ့ကြောင်း၊ ERC သည် အိမ်ထောင်စုများနှင့် စီးပွားရေးလုပ်ငန်းများအပေါ် LNG ကုန်ကျစရိတ်များမြင့်တက်လာခြင်း၏အကျိုးသက်ရောက်မှုကို လျော့ပါးသက်သာစေရန် စက်သုံးဆီ စျေးနှုန်းလမ်းကြောင်းများကို ပြန်လည်သုံးသပ်လျက်ရှိကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ LNG စျေးနှုန်းများသည် ဗြိတိန်အပူယူနစ်(BTU)တစ်သန်းလျှင် အမေရိကန်ဒေါ်လာ ၂၃-၂၄ သို့မြင့်တက်သွားခဲ့ပြီး၊ ယခင်နှစ်၏ ပျမ်းမျှ BTU တစ်သန်းလျှင် အမေရိကန်ဒေါ်လာ ၁၁-၁၃ ၏နှစ်ဆနီးပါးရှိကြောင်း သိရှိရပါသည်။
သက်ရောက်မှုကို ကာကွယ်ရန်အတွက် ERC သည် LNG ထက် ပိုစျေးသက်သာသောရေအားလျှပ်စစ်နှင့်ကျောက်မီးသွေးကဲ့သို့သော အစားထိုး လောင်စာများလုံခြုံစေရန် Egatနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ERC ၏အချက်အလက်များအရ သဘာဝဓာတ်ငွေ့သည် ထိုင်းနိုင်ငံ၏ ဓာတ်အား ထုတ်လုပ်ရေးပေါင်းစပ်မှု၏ ၅၈ ရာခိုင်နှုန်းဖြစ်ပြီး၊ လာအိုမှ လျှပ်စစ်ဓာတ်အားတင်သွင်းမှု(၁၄%)၊ ကျောက်မီးသွေး(၁၃%)၊ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်(၁၂%)၊ ရေအားလျှပ်စစ်နှင့်ရေနံ(၃%)တို့ဖြစ် ကြောင်း၊ ဓာတ်ငွေ့အပေါ် အလွန်အမင်းမှီခိုအားထားမှုသည် စွမ်းအင်လုံခြုံရေးကို ကာကွယ်ရန် လောင်စာဆီရင်းမြစ်များကို ကွဲပြားစေသည့် အရေးတကြီးလိုအပ်မှုကို အလေးပေးဖော်ပြထားကြောင်း၊ ထိုင်းနိုင်ငံ၏ လျှပ်စစ်ဓာတ်အားကဏ္ဍအတွက် LNG သည် အရေးကြီးသော်လည်း အစိုးရသည် အရှေ့အလယ်ပိုင်း ပဋိပက္ခအတွင်း ကုန်ကျစရိတ်သက်သာသော အခြားရွေးချယ်စရာများကို ဦးစားပေးလုပ်ဆောင်နေကြောင်း၊ ရေအားလျှပ်စစ်နှင့် ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံများသည် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတအကျိုးကျေးဇူးနည်းသော်လည်း ထုတ်လုပ်မှုစရိတ်သက်သာပြီး လျှပ်စစ်စျေးနှုန်းများတည်ငြိမ်စေရန် ကူညီပေးနိုင်ကြောင်း စွမ်းအင်အရာရှိ၏ ပြောကြားချက်အရ သိရှိရပါ သည်။
Source: https://www.bangkokpost.com/business/general/3218335/new-gas-shipment-heading-to-thailand
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)