အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Scott Bessent က စိတ်ရင်းမှန်မထားဘဲ (Without in ‘good faith’)ကုန်သွယ်ရေးဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ပါက ၂-၄-၂၀၂၅ ရက်တွင်ချမှတ်ခဲ့သည့် အပြန်အလှန်သွင်းကုန်ခွန်ကို ပြန်လည်ကောက်ခံနိုင်သည်ဟု NBC News ရုပ်/သံသတင်းဌာနနှင့် ၁၈-၅-၂၀၂၅ ရက်တွင် တွေ့ဆုံစဉ်ပြောကြားခဲ့ပါသည်။ အာရပ်စော်ဘွားများပြည်ထောင်စု၊ အဘူဒါဘီမြို့တွင် ၁၆-၅-၂၀၂၅ ရက်၌ အမေရိကန်သမ္မတကပြောကြားခဲ့သည့် “လာမည့်ရက်သတ္တ(၂)ပတ် သို့မဟုတ် (၃) ပတ်အတွင်း အမေရိကန်နိုင်ငံ၌ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန် ငွေကြေးပေးရမည်ဖြစ်ကြောင်းကို ဘဏ္ဍာရေးဝန်ကြီး Scott Bessent နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Howard Lutnick တို့က စာရေးသား အသိပေးသွားမည့်” ကိစ္စနှင့်ပတ်သက်၍ မေးမြန်းချက်အပေါ် “နိုင်ငံများအနေဖြင့် စိတ်ရင်းမှန်ဖြင့် ဆွေးနွေးညှိနှိုင်းမှုမရှိပါက ယင်းနိုင်ငံများအပေါ် ချမှတ်မည့်သွင်းကုန်ခွန်ကို စာရေးသားအသိပေးသွားမည် ဖြစ်သဖြင့် ကုန်သွယ်ရေးဆွေးနွေးညှိနှိုင်းမှုများတွင် နိုင်ငံများအနေဖြင့် စိတ်ရင်းမှန်ဖြင့်ဆွေးနွေးစေလိုကြောင်း”ဘဏ္ဍာရေးဝန်ကြီးက ပြန်လည် ဖြေကြားခဲ့ပါကြောင်း၊ ထို့အပြင် ဘဏ္ဍာရေးဝန်ကြီးက အကယ်၍ ကုန်သွယ်ဖက်နိုင်ငံအနေဖြင့် ဆွေးနွေးညှိနှိုင်းမှုများတွင် စိတ်ရင်းမှန်မရှိလျှင် သို့မဟုတ် ဆွေးနွေးညှိနှိုင်းမှုမပြုလုပ်ခဲ့လျှင် ၂-၄-၂၀၂၅ ရက်တွင်ထုတ်ပြန်ခဲ့သည့် အပြန်အလှန်သွင်းကုန်ခွန်နှုန်းထားအတိုင်း ချမှတ်ခံရနိုင်သည်ဟု ပြောကြားခဲ့ပါကြောင်းသိရှိရပါသည်။
ထို့အပြင် ယခင်ရက်သတ္တပတ်အတွင်း အမေရိကန်လက်လီအရောင်းဆိုင် Walmart က သွင်းကုန်ခွန်ကြောင့် ၎င်းတို့၏ပစ္စည်းဈေးနှုန်းမြင့်တက်မည်ဟု ထုတ်ပြန်ခဲ့ပြီးနောက်တွင် အမေရိကန်သမ္မတက သွင်းကုန်ခွန်ကို အကြောင်းပြုလျက် ဈေးနှုန်းတိုးမြှင့်ခြင်းကို ရပ်သင့်ပြီး စားသုံးသူများအပေါ် ဈေးနှုန်းတိုးမြှင့်ခြင်းအစား သွင်းကုန်ခွန်ကြောင့် တိုးလာမည့်ဈေးနှုန်းများ “Eat the tariffs” ဟူ၍ ၎င်း၏ လူမှုကွန်ရက် “TruthSocial” တွင် ၁၈-၅-၂၀၂၅ ရက်တွင် ရေးသားတုံ့ပြန်ကြောင်း သိရှိရပါသည်။
Source: Newsweek
(ခင်ဆွေဦး၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)