အမေရိကန်နှင့် တရုတ်တို့အကြား ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးမှုတွင် တိုးတက်မှုရှိလာသည်ကို တွေ့မြင်ရသဖြင့် ထိုင်းနိုင်ငံအနေဖြင့်လည်း ဆွေးနွေးမှုကို အရှိန်မြှင့်တင်ဆောင်ရွက်သွားမည်ဟု ယုံကြည်ထားကြောင်း ထိုင်းကုန်သည်ကြီးများအသင်းက ပြောကြားခဲ့ပါသည်။
အမေရိကန်နှင့် တရုတ်တို့အကြား ဆွေးနွေးမှုသည် ကမ္ဘာ့စီးပွားရေးအတွက် အပြုသဘောလက္ခဏာကို တွေ့မြင်ရပါကြောင်း၊ အမေရိကန်နှင့် ရှည်ကြာသောမိတ်ဖက်ဖြစ်သည့် ထိုင်းနိုင်ငံအနေဖြင့် ကုန်သွယ်ရေးအခွင့်အလမ်းသစ်များကို မီးမောင်းထိုးပြခြင်းဖြင့် ကုန်သွယ်ရေးညှိနှိုင်းမှုများအတွက် လျင်လျင်မြန်မြန်ဆောင်ရွက်သင့်ပါကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းတွင် ထိုင်းနိုင်ငံ၏ ရပ်တည်ချက်ကို မြှင့်တင်ရန်နှင့် ဈေးကွက်ဝင်ရောက်မှုလွယ်ကူချောမွေ့ရန် ရေးဆွဲထားသည့် အဆိုပြုလွှာတစ်ခုကို အစိုးရနှင့် ပုဂ္ဂလိကတို့ပူးပေါင်းဆောင်ရွက်သင့်ကြောင်း၊ ထိုင်းအစိုးရအနေဖြင့် နိုင်ငံတကာကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှုကို အနှောင့်အယှက်ပေးခြင်းကို ရှောင်ရှားရန် အမေရိကန်နှင့် ဆွေးနွေးမှုအချိန်ဇယားပေါ် အာရုံစိုက်သင့်ကြောင်း အသင်းဥက္ကဋ္ဌ Mr. Poj Aramwattananont က ပြောကြားခဲ့သည်။
အမေရိကန်သည် ထိုင်းကုန်သည်များအတွက် အဓိကဈေးကွက်ဖြစ်ပြီး ထိုင်းရင်းနှီးမြှုပ်နှံသူများ လုပ်ငန်းတိုးချဲ့ရန်နှင့် အလုပ်အကိုင်ဖန်တီးပေးရန် အဓိကဦးတည်ရာနေရာဖြစ်ပါကြောင်း၊ လုပ်ငန်းလည်ပတ်မှုများအတွက် ရှင်းလင်းသောလိုအပ်ချက်ကိုပေးနိုင်မည့် အခွန်ညှိနှိုင်းမှုများကို နှစ်နိုင်ငံလုံးက အရှိန်မြှင့်တင်ဆောင်ရွက်မည်ဟု မျှော်လင့်ပါကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
ထိုင်းကုန်သွယ်ရေးကိုယ်စားလှယ်ဥက္ကဋ္ဌဦးဆောင်သည့် အစိုးရ-ပုဂ္ဂလိကကိုယ်စားလှယ်အဖွဲ့သည် ဝါရှင်တန်ဒီစီနှင့် မယ်ရီလန်းတို့သို့ မေလ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့ထိ သွားရောက်ခဲ့ပါကြောင်း၊ ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်မိတ်ဖက်များနှင့်တွေ့ဆုံခဲ့ပြီး အမေရိကန်တွင် ရင်းနှီးမြှုပ်နှံပြီး အလုပ်အကိုင်ဖန်တီးပေးမည့် ထိုင်းကုမ္ပဏီများနှင့် တွေ့ဆုံစေခဲ့ပါကြောင်း၊ ထိုင်းနိုင်ငံသည် အမေရိကန်ရှိ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံကျော်နှင့် အလုပ်အကိုင်ဖန်တီးမှု ၁၅,၀၀၀ ဖြင့် ထိပ်တန်းအာဆီယံနိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ အမေရိကန်၌ ထိုင်း၏ရင်းနှီးမြှုပ်နှံမှုသည် လာမည့်အနာဂတ်အတွင်း အမေရိကန်ဒေါ်လာ ၂ ဘီလီယံထပ်တိုးနိုင်ကြောင်း၊ ထိုင်းကုမ္ပဏီအများစုသည် အမေရိကန်ကို ပို့ကုန်ဦးတည်ရာနေရာအဖြစ်သာမက ထုတ်လုပ်မှုအချက် အချာအဖြစ်ပါ ရှုမြင်လျက်ရှိသောကြောင့် ကမ္ဘာ့ဈေးကွက်အတွက် ထုတ်လုပ်မှုစက်ရုံများကို အမေရိကန်သို့ တိုးချဲ့လိုကြကြောင်း၊ ယင်းသည် ဆုံးရှုံးနိုင်ချေကို ခွဲခြမ်းခြင်းဖြင့် ကုန်သွယ်ရေးခံနိုင်ရည်ကို လျှော့ချခြင်းနှင့် ကြံ့ခိုင်မှုကို ပိုမိုခိုင်မာစေခြင်းနှင့် တန်ဖိုးကွင်းဆက်ကို စဉ်ဆက်မပြတ်စေမည်ဖြစ်ကြောင်း Ms. Nalin-ee Taveesin က ပြောကြားခဲ့သည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)