ထိုင်းနိုင်ငံ၏ အစိုးရပိုင်ဘဏ္ဍာရေးအဖွဲ့အစည်များအနေဖြင့် ပို့ကုန်လုပ်ငန်းများနှင့် ထောက်ပံ့မှုကွင်းဆက်များကို အထောက်အပံ့ပေးရန် အစီအမံများကို မိတ်ဆက်နိုင်ရေး တိုက်တွန်းလျက်ရှိကြောင်း သိရှိရပါသည်။
အမေရိကန်၏အပြန်အလှန်အခွန်များသည် ပြည်တွင်းလုပ်ငန်းများ အထူးသဖြင့် ပို့ကုန်လုပ်ငန်းများနှင့် ပို့ကုန်ဆက်စပ်လုပ်ငန်းများတွင် ထိခိုက်နိုင်မှုသည် ၂ နှစ်ခန့်ဖြစ်နိုင်ကြောင်း၊ အစိုးရပိုင်ဘဏ္ဍာရေးအဖွဲ့အစည်းများအနေဖြင့် အမေရိကန်သို့ တင်ပို့နေသော ပို့ကုန်လုပ်ငန်းရှင်များအတွက် ထောက်ပံ့ပေးရေးအစီအမံများကို အရှိန်မြှင့်တင်ဆောင်ရွက်စေလိုကြောင်း၊ ထို့ပြင် တရုတ်မှ သွင်းကုန်များကို ယှဉ်ပြိုင်နေသည့် ထိုင်းစီးပွားရေးလုပ်ငန်းများကိုလည်း အကူအညီပေးစေလိုကြောင်း၊ အိမ်၊ ခြံ၊ မြေကဏ္ဍ၊အသေးစားနှင့်အလတ်စားခရီးသွားလုပ်ငန်းလုပ်ကိုင် နေသူကို ထောက်ပံ့ပေးမည့်အစီအမံများ မိတ်ဆက်ပေးရန် နိုင်ငံပိုင်ဘဏ်များကို တောင်းဆိုခဲ့ပါကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် ကောင်းမွန်စွာစီမံနိုင်မည်ဆိုပါက အပြန်အလှန်အခွန်သည် ထိုင်းနိုင်ငံကို အခြားနိုင်ငံများထက် သာလွန်ထိခိုက်နိုင်မည်မဟုတ်ဘဲ ရေရှည်တွင် အကျိုး ကျေးဇူးရရှိနိုင်မည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး H.E Mr. Pichai Chunhavajira က ပြောကြားခဲ့သည်။
လက်ရှိတွင် အိမ်ထောင်စုကြွေးမြီနှင့် GDP အချိုးမှာ ၈၆ ရာခိုင်နှုန်းဖြစ်သဖြင့် အိမ်ထောင်စုကြွေးမြီကို ဖြေရှင်းမည့် အစီအမံများအတွက်လည်း တိုက်တွန်းလိုပါကြောင်း၊ ကြွေးမြီစုစုပေါင်းသည် မကျဆင်းခဲ့ပါက GDP သည် မြင့်တက်လာသောကြောင့် GDP နှင့် အချိုးသည် ကျဆင်းနိုင်ကြောင်း၊ ယင်းကြောင့် ကြွေးမြီကို ဖြေရှင်းသည့်နည်းလမ်းတစ်ခုသာ စီးပွားရေးတိုးတက်မှုကို လှုံ့ဆော်နိုင်မည်ဖြစ်ကြောင်း၊ အိမ်ထောင်စုကြွေးမြီးများအတွက် Non-performing loan(NPL)သည် ဘတ် ၁၂၂ ဘီလီယံဖြစ်ပြီး ချေးငှားသူ ၅.၄ သန်းကို ထိခိုက်ပါကြောင်း၊ အစိုးရပိုင်ဘဏ်များတွင် စုစုပေါင်းအိမ်ထောင်စု NPL ၏ ၁၀ ရာခိုင်နှုန်းသည် NPL ဖြစ်ကြောင်း၊ Government Saving Bank(GSB)သည် ဘတ် ၁၀၀,၀၀၀ ထက်နည်းသော စုငွေစာရင်း ၅၀၀,၀၀၀ ခုအတွက် ဖြေရှင်းခဲ့ပြီး စုငွေ စာရင်း ၄၀၀,၀၀၀ ခုကို ၃ လအတွင်း ဖြေရှင်းသွားရန် မှန်းထားပါကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
စိုက်ပျိုးရေးနှင့်စိုက်ပျိုးရေးသမဝါယမဘဏ်ကလည်း စုငွေစာရင်း ၂၀၀,၀၀၀ ခုကို ဖြေရှင်းထားပြီး စုငွေစာရင်း ၇၀,၀၀၀ ခုကို ထပ်မံဖြေရှင်းရန်စီစဉ်ထားကြောင်း၊ Government Saving Bank(GSB)သည် အမေရိကန်အခွန်ကြောင့် ထိခိုက်သည့်ပို့ကုန်လုပ်ငန်းရှင်များကို ထောက်ပံ့ ပေးရန် အတိုးနှုန်း ၀.၀၁ ရာခိုင်နှုန်းဖြင့် အတိုးနှုန်းသက်သာသောချေးငွေ ဘတ် ၁၀၀ ဘီလီယံထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ပို့ကုန် -သွင်းကုန်ဘဏ်ကလည်း ပို့ကုန်လုပ်ငန်းရှင်များအတွက် အတိုးနှုန်းကို လက်ရှိနှုန်းထားအောက် ၂၀ ရာခိုင်နှုန်းထပ်မံလျှော့ချပေးသွားမည်ဖြစ်ရာ ကုန်ကျစရိတ်ကို ဘဏ်ကိုယ်တိုင်က ကျခံမည်ဖြစ်ပြီး များပြားလာပါက ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် အစိုးရထံတင်ပြ၍ ထောက်ပံ့မှုကို အဆိုပြုပေးမည်ဖြစ်ကြောင်း ဝန်ကြီး Mr. Pichai က ဖြည့်စွက်ပြောကြားခဲ့သည်။
အမေရိကန်သည် ၎င်းနှင့် ကုန်သွယ်မှုပိုငွေဖြစ်ပေါ်နေသော နိုင်ငံများအပေါ် အခွန်နှုန်းထားတိုးမြှင့်ကောက်ခံသွားမည်ဖြစ်ရာ ယင်းသည် ထိုင်းနိုင်ငံအပေါ်တွင်လည်း သက်ရောက်လာနိုင်ပါသည်။ အမေရိကန် ၏အခွန်တိုးမြှင့်ကောက်ခံခြင်းကို ရက် ၉၀ ရွှေ့ဆိုင်းထားမှုကြောင့် ကုန် သွယ်ဖက်နိုင်ငံများသည် ကုန်သွယ်ရေးဆိုင်ရာညှိနှိုင်းမှုများ ဆောင်ရွက် နေချိန်တွင် တစ်ဖက်ကလည်း ပြည်တွင်းပို့ကုန်လုပ်ငန်းရှင်များအား ထိခိုက်နိုင်မှုမှ လျော့နည်းသက်သာစေရန် အစီအမံများ ဆောင်ရွက်ပေးလျက်ရှိပါသည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)