International News

ဂျပန်နိုင်ငံသို့ ဗီယက်နမ်နိုင်ငံနှင့်ထိုင်းနိုင်ငံတို့မှ ဆန်တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်သွားမည်

Last Updated:

ကမ္ဘာ့ဆန်တင်ပို့မှုအများဆုံး ၃ နိုင်ငံတွင်ပါဝင်သည့် ဗီယက်နမ်နိုင်ငံနှင့်ထိုင်းနိုင်ငံတို့သည် ဂျပန်နိုင်ငံသို့ ဆန်တိုးမြှင့်တင်ပို့နိုင်ရေး မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း ၁၇-၆-၂၀၂၅ ရက်နေ့ထုတ် The Japan News သတင်းစာတွင် “Vietnam, Thailand Aim to Grow Rice Exports to Japan” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် ဂျပန်နိုင်ငံ၌ထွက်ရှိသော ဆန်လုံးတိုအမျိုးအစားနှင့်တူညီသည့် ဂျပိုနီကာဆန်ကို ဗီယက်နမ်နိုင်ငံနှင့်ထိုင်းနိုင်ငံတို့တွင် စိုက်ပျိုးထုတ်လုပ်ကာ ဂျပန်နိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းနှင့် အဆိုပါဆန်ကို ဂျပန်ရိုးရာဟင်းလျာများတွင် အသုံးပြုလျက်ရှိကာ လူကြိုက်များလျက်ရှိကြောင်း ဖော်ပြထားပါသည်။

ဗီယက်နမ်နိုင်ငံနှင့်ထိုင်းနိုင်ငံတို့သည် ဂျပန်နိုင်ငံတွင် ဆန်ဈေးနှုန်းမြင့်တက်လျက်ရှိခြင်းကို စီးပွားရေးဆိုင်ရာအခွင့်အလမ်းများအဖြစ်မှတ်ယူကာ ဂျပန်နိုင်ငံသို့ဆန်များ တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုင်းနိုင်ငံရှိ လက်လီအရောင်းဆိုင်ကြီးတစ်ခုတွင် နိုင်ငံအတွင်း စိုက်ပျိုးထုတ်လုပ်ထားသည့် ဂျပိုနီကာဆန်ကို ၅ ကီလိုဂရမ် ၁ အိတ်လျှင် ၂၇၅ ဘတ်(ယန်း ၁,၂၀၀)နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်းနှင့်အဆိုပါဈေးနှုန်းမှာ ဂျပန်နိုင်ငံတွင်ရောင်းချသည့် ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက များစွာဈေးနှုန်းသက်သာလျက်ရှိကြောင်း ဖော်ပြထားပါသည်။

ထိုင်းနိုင်ငံရှိ ဂျပန်စတိုးဆိုင်များတွင် နိုင်ငံအတွင်းစိုက်ပျိုးထွက်ရှိသည့် Sasanishiki နှင့် အခြားသော ဂျပန်ဆန်အမျိုးအစားများကိုလည်း ၅ ကီလိုဂရမ် ၁ အိတ်လျှင် ၂၇၅ ဘတ်နှုန်းဖြင့်ပင် ရောင်းချလျက်ရှိကြောင်း၊ ထိုင်းနိုင်ငံတွင် တစ်နှစ်ပတ်လုံးပူပြင်းသည့်အတွက် ဆန်စပါးကို ကောင်းစွာစိုက်ပျိုးထုတ်လုပ်နိုင်လျက်ရှိကြောင်း၊ ထိုင်းနိုင်ငံတွင် အင်ဒီကာအမျိုးအစား ဆန်လုံးရှည်ကို အဓိကစိုက်ပျိုးလျက်ရှိသော် လည်း လတ်တလောတွင် ဂျပိုနီကာဆန်အမျိုးအစားကို အများအပြားတိုးချဲ့စိုက်ပျိုး လာလျက်ရှိကြောင်း၊ ထိုင်းနိုင်ငံတွင် ဂျပန်ဆန်အမျိုးအစားဖြစ်သည့် ဂျပိုနီကာဆန်ကို ရောင်းချရသည့်အမြတ်ငွေမှာ အင်ဒီကာဆန်ကိုရောင်းချရသည့်အမြတ်ငွေထက် ၂ ဆ များပြားလျက်ရှိကြောင်း ဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ်တွင် ထိုင်းနိုင်ငံမှ ဂျပန်နိုင်ငံသို့ ဆန်တင်ပို့မှုပမာဏမှာ လွန်ခဲ့သော ၁၀ နှစ်နှင့်နှိုင်းယှဉ်ပါက ၁.၃ ဆများပြားခဲ့ပြီး၊ အမေရိကန်ဒေါ်လာ ၁၈၃ သန်း(ယန်း ၂၆.၅ ဘီလီယံ)ရှိခဲ့ကြောင်း၊ လက်ရှိတွင် အင်ဒီကာအမျိုးအစားဆန်ကို အများဆုံးတင်ပို့လျက်ရှိကြောင်းနှင့် ထိုင်းနိုင်ငံတွင် အများ အပြားထွက်ရှိသည့် ဂျပိုနီကာဆန်ကို ထိုင်းနိုင်ငံအတွင်း၌သာ အဓိကရောင်းချလျက်ရှိကြောင်း၊ ထိုင်းအစိုးရအနေဖြင့် ဂျပန်နိုင်ငံ၏ဆန်ဈေးကွက်အခြေအနေကို အလေးထားစောင့်ကြည့်လျက်ရှိကြောင်းနှင့် ထိုင်းဆန်ကို ဈေးကောင်းရရှိမည့်ဈေးကွက်သို့ တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ထိုင်းကူးသန်းရောင်းဝယ်ရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

၂၀၂၅ ခုနှစ်၊ မေလတွင် အမေရိကန်စိုက်ပျိုးရေးဌာန၏ထုတ်ပြန်ချက်အရ ၂၀၂၄ ဘဏ္ဍာနှစ်တွင် ကမ္ဘာ့ဆန်တင်ပို့မှုပမာဏမှာ ၆၁.၄ သန်းတန်ရှိခဲ့ကြောင်း၊ကမ္ဘာတွင် ဆန်အများဆုံးတင်ပို့ခဲ့သည့်နိုင်ငံများမှာ အိန္ဒိယနိုင်ငံ(၄၀%)၊ ဗီယက်နမ်နိုင်ငံ (၁၃%)နှင့် ထိုင်းနိုင်ငံ(၁၁%)တို့ဖြစ်ကြောင်း ဖော်ပြထားပါသည်။

၂၀၂၅ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ဗီယက်နမ်ဆန်လုပ်ငန်းရှင်များအသင်းအနေဖြင့် ဂျပိုနီကာအမျိုးအစားဆန်တန်ချိန် ၅၀၀ ကို “ကာဗွန်ထုတ်လုပ်မှုနည်းသည့် ဗီယက် နမ်ဆန်အမျိုးအစားသစ်” ဟူသည့်အမှတ်တံဆိပ်ဖြင့် ပထမဆုံးအကြိမ်တင်ပို့ရောင်းချခဲ့ကြောင်းနှင့် အဆိုပါဆန်ကို စိုက်ပျိုးရာတွင် ဖန်လုံအိမ်ဓာတ်ငွေ့လျော့ကျစေသည့်နည်းလမ်းများဖြင့် စိုက်ပျိုးထုတ်လုပ်ခဲ့သည်ဟုဆိုကာဈေးကွက်ထိုးဖောက် ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

အဆိုပါဆန်အမျိုးအစားအသစ်ကို သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးနှင့် အရည်အသွေးစံနှုန်းများကို အလေးထားသည့် ဂျပန်ဈေးကွက်သို့ ရောင်းချနိုင်ရေး ရည်ရွယ်စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း၊ ဂျပန်နိုင်ငံတွင် ဆန်ပြတ်လပ်လျက်ရှိခြင်းသည် ဗီယက်နမ်နိုင်ငံထုတ်ဆန်ကို တန်ဖိုးမြှင့်ဈေးကွက်သို့ တင်ပို့နိုင်ရေးအတွက် အခွင့် အလမ်းကောင်းတစ်ရပ်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံအနေဖြင့် အကောက်ခွန်လွတ်တင်သွင်းခွင့်ပြုသည့်ပမာဏ(Minimum Access)ထက် ကျော်လွန်တင်သွင်းလာသည့် ဆန်များကို ၁ ကီလိုဂရမ်လျှင် ၃၄၁ ယန်းနှုန်းအခွန်ကောက်ခံလျက်ရှိကြောင်း၊ သို့သော် ထိုသို့အခွန်ပေးဆောင်ပြီး တင်သွင်းရသည့်တိုင် တင်သွင်းလာသည့်ဆန်ဈေးနှုန်းမှာ ဂျပန်ပြည်တွင်း၌ ထွက်ရှိသည့်ဆန်ဈေးထက် များစွာသက်သာလျက်ရှိကြောင်း၊ ထို့ကြောင့် ဂျပန်နိုင်ငံမှ ဆန်တင်သွင်းသူများအနေဖြင့် ပြည်ပမှဆန်များကို တိုးမြှင့်တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထား ပါသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ မေလအတွင်း ထိုင်ဝမ်မှ ဂျပန်နိုင်ငံသို့ ဆန်တင်ပို့မှုပမာဏမှာ ၇,၇၅၉ တန်ရှိခဲ့ပြီး၊ ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၆ ဆကျော်မြင့်တက်ခဲ့ကြောင်း၊ ထိုင်ဝမ်ဆန်နှင့်ဂျပန်ဆန်မှာ အရသာတူညီသည့်အပြင် ဆန်စိုက်ပျိုးသည့် နည်းပညာလည်း တူညီကြကြောင်း၊ ထို့ကြောင့် ဂျပန်နိုင်ငံအနေဖြင့် အရှေ့တောင်အာရှနိုင်ငံများမှ ဆန်တင်သွင်းမှု ပိုမိုများပြားလာနိုင်မည်ဖြစ်ကြောင်း၊ သို့သော် ပြည်ပမှတင်သွင်းသည့် ဆန်ဈေးနှုန်းနှင့် ပြည်တွင်းထုတ်ဆန်ဈေးများစွာကွာဟလာမည်ဆိုပါက ဂျပန်နိုင်ငံမှ တောင်သူများအပေါ် ဆိုးကျိုးသက်ရောက်စေနိုင်မည် ဖြစ်သည့်အတွက် ဂျပန်အစိုးရအနေဖြင့် ပြည်ပမှ ဆန်တင်သွင်းမှုလျှော့ချသွားနိုင်ဖွယ်ရှိကြောင်းလည်း ဖော်ပြထားပါသည်။

Source: The Japan News                                                         

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News