ယူအေအီးနိုင်ငံ၏ ရေနံမဟုတ်သောနိုင်ငံခြားကုန်သွယ်မှုပမာဏသည် ၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်တွင် AED ၁.၇၂၈ ထရီလီယံသို့ရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်ကအလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂၄ % တိုးတက်လာခဲ့ကြောင်း ယူအေအီးနိုင်ငံ၊ ဒုတိယသမ္မတ၊ ဝန်ကြီးချုပ်နှင့် ဒူဘိုင်းပြည်နယ်အုပ်ချုပ်သူ Sheikh Mohammed bin Rashid Al Maktoum မှပြောကြားခဲ့ပါသည်။
ဤစွမ်းဆောင်ရည်သည် ယူအေအီးနိုင်ငံ၏ကုန်သွယ်မှုလမ်းကြောင်းပေါ်တွင် တည်ဆောက်ထားပြီး၊ ယခုအခါတွင်စုစုပေါင်းကုန်သွယ်မှုအထွက်နှုန်းသည် ၂၀၂၁ ခုနှစ်၊ ပထမ ၆ လပတ်၏ နှစ်ဆ ဖြစ်လာခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်ကထက် ၅၉.၅ % နှင့် ၂၀၂၃ ခုနှစ်ကထက် ၃၇.၈ % တို့ဖြင့် သမိုင်းဝင်တိုးတက်မှုနှုန်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
ယူအေအီးနိုင်ငံ၏ရေနံမဟုတ်သောပို့ကုန်သည် AED ၃၆၉.၅ ဘီလီယံသို့ရောက်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၄၄.၇ % တိုးတက်လာခဲ့ကာ စုစုပေါင်းရေနံမဟုတ်သောကုန်သွယ်မှု၏ ၂၁.၄ % ကို ပံ့ပိုးပေးလျက်ရှိပြီး နိုင်ငံသမိုင်းတွင် အမြင့်ဆုံးဖြစ်လာခဲ့ခြင်းဖြစ်ပါသည်။ ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်(CEPA) များသည် အဓိကကျသောအခန်းကဏ္ဍမှပါဝင်ခဲ့ပြီး လက်မှတ်ရေးထိုးထားသည့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု ၂၈ ခုတို့အနက် ၁၀ ခုမှာ အသက်ဝင်ဆောင်ရွက်လျက်ရှိကာ စားသုံးသူ ၃ ဘီလီယံနီးပါးတို့အား အိမ်တွင်းစျေးကွက်များသို့ ဝင်ရောက်ခွင့်ပေးထားလျက်ရှိပါသည်။
ပို့ကုန်ထိပ်တန်းတင်ပို့သည့်နိုင်ငံများတွင် ဆွစ်ဇာလန်၊ အိန္ဒိယ၊ တူရကီနှင့် ဟောင်ကောင်-တရုတ်တို့ ပါဝင်လျက်ရှိပြီး အိန္ဒိယနိုင်ငံသို့ ပို့ကုန် AED ၅၁.၄၅ ဘီလီယံရှိခဲ့ကာ ၉၇.၆ % တိုးတက်လာခဲ့ပါသည်။ CEPA မိတ်ဖက်နိုင်ငံများထံသို့တင်ပို့မှုမှာ AED ၈၅.၀၂ ဘီလီယံအထိရောက်ရှိခဲ့ပြီး ၆၂.၈ % မြင့်တက်လာခဲ့ပါသည်။
ပြန်လည်-တင်ပို့မှုမှာလည်း AED ၃၈၉ ဘီလီယံအထိ ၁၄ % မြင့်တက်လာခဲ့ပြီး သွင်းကုန်အနေဖြင့် ၂၂.၅ % ၊ AED ၉၆၉.၃ ဘီလီယံအထိတိုးတက်လာခဲ့ပါသည်။ အဓိကကုန်သွယ်ဘက်နိုင်ငံများဖြစ်ကြသည့် ဆွစ်ဇာလန်(+ ၁၂၀ %)၊ တူရကီ(+ ၄၁.၄ %)နှင့်အမေရိကန်(+ ၂၉ %)တို့မှာလည်း သိသိသာသာမြင့်တက်လာခဲ့ကာ ယူအေအီးနိုင်ငံကိုကမ္ဘာ့ကုန်သွယ်ရေးတံခါးပေါက်အဖြစ် ထပ်မံသတ်မှတ်ပေးခဲ့ပါ သည်။
Sheikh Mohammed က နိုင်ငံ၏တိုးတက်မှုကိုချီးကျူးခဲ့ပြီး ယူအေအီးနိုင်ငံသည် ကမ္ဘာ့စင်မြင့်ထက်တွင် ယုံကြည်စိတ်ချရသည့်ကုန်သွယ်မှုဗဟိုချက်ဖြစ်ပြီး မဟာ ဗျူဟာမြောက်စီးပွားရေးမိတ်ဖက်နိုင်ငံတစ်ခုအဖြစ် ထပ်မံအတည်ပြုပြောကြားခဲ့သည်ကို သတင်းဌာနမှ ဖော်ပြထားပါသည်။
News Source: Dubai Media Office
(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)