International News

ဂျပန်အစိုးရမှ အရန်ဆန်များထုတ်ရောင်းပေးမှုကျဆင်းလာသည့်အတွက် ဆန်ဈေးနှုန်းများပြန်လည် မြင့်တက်လာလျက်ရှိ

Last Updated:

ဈေးနှုန်းချိုသာသည့် အရန်ဆန်များကို ဂျပန်အစိုးရမှထုတ်ရောင်းပေးမှုမှာ ကျဆင်း လာသည့်အတွက် ဂျပန်နိုင်ငံ၏စတိုင်းဆိုင်များတွင်ရောင်းချသည့် ဆန်ဈေးနှုန်းများမှာ လွန်ခဲ့သည့်ရက်သတ္တပတ်နှင့်နှိုင်းယှဉ်ပါက ၁.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းနှင့် ရက်သတ္တ ၁၀ ပတ်အတွင်း ပထမဆုံးအကြိမ်မြင့်တက်ခဲ့ကြောင်း ဂျပန်စိုက်ပျိုး ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်း ၅-၈-၂၀၂၅ ရက်နေ့ထုတ် The Asahi Shimbun သတင်းစာတွင် “Rice price edges up again as impact of reserve release fades” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် အခွန်ကျသင့်ငွေ ထည့်သွင်းတွက်ချက်ပြီးသည့် ဆန် ၅ ကီလို ဂရမ် ၁ အိတ်၏ ပျမ်းမျှဈေးနှုန်းမှာ ၂၁-၇-၂၀၂၅ ရက်နေ့မှ ၂၇-၇-၂၀၂၅ ရက်နေ့အထိ ရက်သတ္တ ၁ ပတ်တာကာလအတွင်း ၃,၆၂၅ ယန်း(အမေရိကန်ဒေါ်လာ ၂၅ ဒေါ်လာ)ရှိခဲ့ကြောင်းနှင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ၄၀ ယန်းများပြားလာခဲ့ကြောင်း ဖော်ပြထားပါသည်။

အပတ်စဉ်ထုတ်ပြန်လျက်ရှိသည့် ဂျပန်နိုင်ငံ၏ ပျမ်းမျှဆန်ဈေးနှုန်းမှာ ဂျပန်နိုင်ငံတစ်ဝန်းရှိ စတိုးဆိုင် ၁,၀၀၀ ကျော်တွင် လက်လီရောင်းချသည့်ဆန်ဈေးနှုန်းများကို သုတေသနကုမ္ပဏီက ပျမ်းမျှတွက်ချက်၍ ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း၊ ဂျပန်အစိုးရမှ အရန်ဆန်များထုတ်ရောင်းပေးမှုနှေးကွေးလာခြင်းကြောင့် ဂျပန်နိုင်ငံ၏ ဆန်ဈေးနှုန်းများမှာ ပြန်လည်မြင့်တက်လာခြင်းဖြစ်ကြောင်းနှင့် ယခင်နှစ်နှင့်နှိုင်း ယှဉ်ပါက ၅၀ ရာခိုင်နှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

အမှတ်တံဆိပ်ပါရှိသည့် ဆန်များ၏ ဈေးနှုန်းမှာ ၅ ကီလိုဂရမ် ၁ အိတ်လျှင် ၄,၂၄၇ ယန်းရှိခဲ့ပြီး၊ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ၁၇ ယန်း(၀.၄ ရာခိုင်နှုန်း)ကျဆင်းခဲ့ကြောင်းနှင့် ၂ ပတ်တာအတွင်း ပထမဆုံးအကြိမ်ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

အစိုးရမှ ထုတ်ရောင်းပေးသည့် အရန်ဆန်များအပါအဝင် ဈေးနှုန်းချိုသာသည့် ဆန်များမှာမူ ၅ ကီလိုဂရမ် ၁ အိတ်လျှင် ၃,၁၃၃ ယန်းရှိခဲ့ပြီး၊ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ၄၅ ယန်း(၁.၅ ရာခိုင်နှုန်း)မြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံရှိ ဆန်များအားလုံး၏ပျမ်းမျှဆန်ဈေးမှာ ၁၂-၅-၂၀၂၅ ရက်နေ့မှ ၁၈-၅ -၂၀၂၅ ရက်နေ့အတွင်း အမြင့်ဆုံးဖြစ်ခဲ့ပြီး၊ ဆန် ၅ ကီလိုဂရမ် ၁ အိတ်လျှင် ၄,၂၈၅ ယန်းရှိခဲ့ကြောင်းနှင့် အဆိုပါဈေးနှုန်းမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၂ ဆကျော်မြင့်တက်ခဲ့ကြောင်း၊ ဂျပန်အစိုးရအနေဖြင့် ယခင်က အစိုးရ၏အရန်ဆန်များကို လေလံစနစ်ဖြင့် ရောင်းချပေးခဲ့ရာမှ နောက်ပိုင်းတွင် စတိုးဆိုင်များနှင့် လက်လီအရောင်းဆိုင်များထံ တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း၊ အစိုးရမှ ရောင်းချပေးခဲ့သည့် အရန်ဆန်များကို စတိုးဆိုင်များအနေဖြင့် ၂၀၂၅ ခုနှစ်၊ မေလမှစတင်၍ ၅ ကီလို ဂရမ် ၁ အိတ်လျှင် ၂၀၀၀ ယန်းဖြင့် ပြန်လည်ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း၊ ဈေးနှုန်းချိုသာသည့် အရန်ဆန်များ ဈေးကွက်အတွင်း ဝင်ရောက်လာသည်နှင့်အမျှ ဆန်ဈေးနှုန်းမှာ ကျဆင်းခဲ့ကြောင်း၊ သို့သော် အရန်ဆန်များ ထုတ်ရောင်းပေးမှုနှေးကွေးလာခဲ့သည့် ဇူလိုင်လမှစတင်၍ ဆန်ဈေးနှုန်းများမှာ ဆက်လက်ကျဆင်းခြင်း မရှိဘဲ တန့်နေခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်ဝန်ကြီးချုပ် ရှီဂဲရုအီရှီဘာအနေဖြင့် နိုင်ငံအတွင်း ဆန်ထုတ်လုပ်မှုမြှင့်တင်နိုင်ရေးအတွက် ဆယ်စုပေါင်းများစွာကျင့်သုံးခဲ့သည့် ဆန်ထုတ်လုပ်မှုလျှော့ချရေးမူဝါဒကိုပြင်ဆင်ရန်ဆောင်ရွက်လျက်ရှိကြောင်း၊ဂျပန်အစိုးရအနေဖြင့် ခေတ်မီနည်းပညာ များအသုံးပြုခြင်းနှင့် အကြီးစားစိုက်ပျိုးထုတ်လုပ်ခြင်းအပါအဝင် ဆန်အထွက်နှုန်းမြှင့်တင်နိုင်မည့်နည်းလမ်းများကို ချမှတ်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့အတူ ပို့ကုန်မြှင့်တင်နိုင်ရေးအတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဆန်ဝယ်လိုအားကျဆင်းလာနိုင်သည့်အတွက် အစိုးရအနေဖြင့် ဆန်ပိုလျှံမှုကို ကာကွယ်နိုင်ရေးနှင့် ဆန်ဈေးနှုန်းပျက်ယွင်းမှုများမဖြစ်ပေါ်စေရေးအတွက် ၁၉၇၀ ပြည့်နှစ်များတွင် စပါးစိုက်ဧကလျှော့ချရေးမူဝါဒကို ချမှတ်အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ကြောင်း၊ အဆိုပါမူဝါဒသည် စပါးစိုက်ပျိုးသည့် တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုအပေါ် ဆိုးကျိုးသက်ရောက်စေမှုကြောင့် ၂၀၁၈ ခုနှစ်တွင် ဖျက်သိမ်းခဲ့ကြောင်း၊ သို့သော် အစိုးရအနေဖြင့် စားသုံးရန်အတွက် ထုတ်လုပ်ခြင်းအစား တိရစ္ဆာန်အစာအဖြစ် ထုတ်လုပ်မည့် စပါးစိုက်တောင်သူများအပေါ် ထောက်ပံ့ကြေးများပေးခြင်းအပါအဝင် ဈေးကွက်အတွင်းရောင်းချနိုင်သည့် ဆန်ပမာဏကို ထိန်းချုပ်ခြင်းဖြင့် အဆိုပါမူဝါဒကို ဆက်လက်ပံ့ပိုးခဲ့ကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News