International News

အိန္ဒိယနိုင်ငံ၏ ပို့ကုန်တန်ဖိုး ၂ ဒသမ ၆ ရာခိုင်နှုန်းကျဆင်း၊ (၅) လအတွင်း ကုန်သွယ်မှုလိုငွေပြမှု အနိမ့်ဆုံးသို့ ရောက်ရှိ

Last Updated:

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် အိန္ဒိယနိုင်ငံ၏ပို့ကုန်တင်ပို့မှုစုစုပေါင်းမှာ ယခင်နှစ်ကာလတူထက် ၂ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းသွားပြီး၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၄၇ ဘီလီယံရှိကြောင်း သိရသည်။ ၎င်းသည် ယခုဘဏ္ဍာနှစ်အတွင်း ငါးလဆက်တိုက် ပို့ကုန်ကျဆင်းမှုဖြစ်သည်။ ရေနံ၊ အဖိုးတန်ကျောက်မျက်နှင့် လက်ဝတ်ရတနာ၊ ဓါတုပစ္စည်းနှင့် အဝတ်အထည်စသည့် အဓိကကဏ္ဍများကျဆင်းခဲ့သောကြောင့်ဖြစ်ကြောင်း သိရသည်။ သို့သော် အစိုးရအနေဖြင့် "ရွက်နုသစ်များ(green shoots)"ခေါ် စီးပွားရေးနလန်ထူလာသည့် အရိပ်လက္ခဏာများပေါ်ထွက်လာသည့် အခြေအနေကို ကိုးကား၍ လာမည့်ခြောက်လတာကာလအတွင်း ပို့ကုန်ပြန်လည်မြင့်တက်လာဖွယ်ရှိသည်ဟု အကောင်းမြင်လျက်ရှိသည်။

၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် အိန္ဒိယနိုင်ငံ၏ သွင်းကုန်ပမာဏစုစုပေါင်း အမေရိကန်ဒေါ်လာ ၅၃ ဒသမ ၈၄ ဘီလီယံဖြင့် ၁၅ ရာခိုင်နှုန်းသို့ သိသာထင်ရှားစွာကျဆင်းခဲ့ကြောင်း သိရသည်။ ရေနံတင်သွင်းမှု ၂၀ ဒသမ ၃ ရာခိုင်နှုန်းသို့ သိသိသာသာကျဆင်းသွားပြီး၊ အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံသို့ ရောက်ရှိသွားခြင်းက ကုန်သွယ်ရေးလိုငွေပြမှုလျှော့ချရန် အထောက်အကူပြုခဲ့သည်။ ကုန်သွယ်ရေးလိုငွေပြမှုတန်ဖိုးသည် ငါးလတာကာလအတွင်း အနိမ့်ဆုံးအဖြစ် အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၃၇ ဘီလီယံသို့ ရောက်ရှိခဲ့ကြောင်း ကုန်သွယ်ရေးဌာနက လတ်တလောထုတ်ပြန်သည့် ခန့်မှန်းချက်အရ သိရသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် ရေနံ၊ အဖိုးတန်ကျောက်မျက်နှင့် လက်ဝတ်ရတနာတင်ပို့မှုမှလွဲလျှင် အိန္ဒိယနိုင်ငံ၏ ကုန်စည်ပို့ကုန်တင်ပို့မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၇၈ ဘီလီယံသို့ ရောက်ရှိခဲ့သည်။ ၎င်းသည် ၂၀၂၂ ခုနှစ် ကာလတူက ပို့ကုန်တန်ဖိုး ၂၄ ဒသမ ၃၃ ဘီလီယံကို ကျော်လွန်ခဲ့သော်လည်း အစွန်းထွက်တန်ဖိုးမှာ မများလှဟုဆိုသည်။

အိန္ဒိယအကောက်ခွန်ဌာနနှင့် ညှိနှိုင်းမှုတစ်ချို့ပြုလုပ်၍ အချက်အလက်များပြန်လည်ပြင်ဆင်ခဲ့ ပြီးနောက် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လရှိ အိန္ဒိယနိုင်ငံ၏ ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၃၈ ဒသမ ၄ ဘီလီယံသို့ မြင့်တက်ခဲ့ပြီး၊ ယခင်နှစ်ကာလတူထက် ၃ ဒသမ ၈၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။ အစိုးရက ၎င်းကို ၆ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ကနဦးသတင်းထုတ်ပြန်ခဲ့သည်ဟု သိရသည်။ နိုင်ငံခြားကုန်သွယ်မှုညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Santosh Sarangi က "ယခုဘဏ္ဍာရေးနှစ်မှာ (၂၀၂၃ ခုနှစ်၊ သြဂုတ်လ)ဟာ ကျွန်တော်တို့အတွက် အပြုသဘောဆောင်တဲ့ တိုးတက်မှုများရရှိခဲ့တဲ့ ပထမဆုံးလဖြစ်ပါတယ်။" ဟု ပြောကြားခဲ့သည်။

အိန္ဒိယကုန်သွယ်ရေးဝန်ကြီးဌာန အတွင်းဝန် Sunil Barthwal က ဝန်ဆောင်မှုပို့ကုန်ကဏ္ဍသည် ကောင်းစွာလည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း အထူးအလေးပေးဖော်ပြခဲ့ပြီး၊ ကုန်စည်ပို့ကုန်ကဏ္ဍကျဆင်းမှုက များစွာသိသာထင်ရှားခြင်းမရှိတော့ဟု ၎င်း၏အကောင်းမြင်မှုအပေါ် ထုတ်ဖေါ်ပြောကြားခဲ့သည်။ “ကျန်တဲ့ခြောက်လတာကာလအတွင်းမှာ ကျွန်တော်တို့ရဲ့ပို့ကုန်ကဏ္ဍဟာ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ သေချာပေါက်ရှိသင့်တယ်လို့ထင်ပါတယ်။ တကယ်တော့ ရွက်နုသစ်များ(green shoots)များရှိတယ်ဆိုတာ အတည်ပြုလို့ရပါတယ်"ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လတာကာလအတွင်း အိန္ဒိယနိုင်ငံ၏ပို့ကုန်တန်ဖိုးသည် ၈ ဒသမ ၇၇ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး စုစုပေါင်းအမေရိကန်ဒေါ်လာ ၂၁၁ ဒသမ ၄ ဘီလီယံရှိကာ၊ သွင်းကုန်တန်ဖိုး ၁၂ ဒသမ ၂၃ ရာခိုင်နှုန်းကျဆင်းခဲ့ကာ အမေရိကန်ဒေါ်လာ ၃၂၆ ဒသမ ၉၈ ဘီလီယံရှိခဲ့ကြောင်း သိရသည်။

သုံးသပ်တင်ပြချက်

အိန္ဒိယနိုင်ငံ၏ကုန်သွယ်ရေးကဏ္ဍသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှေးကွေးမှုများနှင့် ငွေကြေးဖေါင်းပွမှုမြင့်တက်လာမှုအတူ ကျဆင်းလာလျက်ရှိပါသည်။ ပို့ကုန်ကျဆင်းမှုနှင့် သွင်းကုန်ကျဆင်းမှုနှိုင်းယှဉ်ကြည့်ရှုလျှင် သွင်းကုန်ကျဆင်းမှုရာခိုင်နှုန်းမှာ ပို၍မြင့်မားကြောင်း တွေ့ရှိရပါသည်။ ပို့ကုန်သွင်းကုန်နှစ်ရပ်လုံးကျဆင်းလာသည့်အတွက် ကုန်သွယ်မှုလိုငွေပြမှုမှာလည်း ငါးလတာကာလအတွင်း အနိမ့်ဆုံးသို့ ကျဆင်းလာလျက်ရှိပါသည်။ သို့သော် အစိုးရအနေဖြင့် ယခုဘဏ္ဍာနှစ်၏ လာမည့်(၆)လတာကာလအတွင်း နိုင်ငံ၏ပို့ကုန်ပြန်လည်တိုးတက်လာမည်ဟု အကောင်းမြင်လျက်ရှိပါသည်။

အိန္ဒိယနိုင်ငံ၏ပို့ကုန်ကဏ္ဍတွင် ကုန်စည်ပို့ကုန်ကဏ္ဍကျဆင်းသော်လည်း တစ်ဖက်တွင် သတင်းအချက်အလက်နည်းပညာ၊ အခြားစီးပွားရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းတို့ ကောင်းစွာလည်ပတ်ဆောင်ရွက်လျက်ရှိသည့်အတွက် ဝန်ဆောင်မှုပို့ကုန်ကဏ္ဍမှာ တိုးတက်လျက်ရှိကာ စုစုပေါင်းပို့ကုန်ကဏ္ဍ၏ စွမ်းဆောင်ရည်မှာ သိသာစွာကျဆင်းခြင်းမရှိဟု သုံးသပ်ရပါသည်။

ရည်ညွှန်းချက်။ The Trade Promotion Council of India ၊ “India’s exports down 2.6% YoY; trade deficit at 5-month low”၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်။

(ကောင်းထွဋ်‌အောင်၊  စီးပွား‌ရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News