International News

နိုင်ငံခြားသားခရီးသွားဧည့်သည်များ များပြားလာသည်နှင့်အမျှ ဂျပန်လုပ်ငန်းရှင်များအနေဖြင့် ဟိုတယ်လုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်လာ

Last Updated:

နိုင်ငံခြားသားခရီးသွားဧည့်သည်များပြန်လည်ဝင်ရောက်လာသည်နှင့်အမျှ ဂျပန်နိုင်ငံရှိ ဆောက်လုပ်ရေးကုမ္ပဏီများအနေဖြင့် ဟိုတယ်လုပ်ငန်း ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်လာကြကြောင်း ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် Nittetsu Kowa Real Estate ကုမ္ပဏီအနေဖြင့် ၅ နှစ်အတွင်း ယန်းဘီလီယံ ၄၀ မှ ၅၀ အကြား(အမေရိကန်ဒေါ်လာသန်း ၂၇၀ မှ ၃၃၀ အကြား)ရင်းနှီးမြှုပ်နှံ၍ ဟိုတယ်လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ထို့အတူ NTT Urban Development ကုမ္ပဏီအနေဖြင့် လာမည့် ၃ နှစ်အတွင်း ဟိုတယ်အခန်းအရေအတွက်ကို ၅၀ ရာခိုင်နှုန်းတိုးမြှင့်သွားမည်ဖြစ်ကြောင်း၊ Nittetsu Kowa Real Estate အနေဖြင့် အခန်း ၁၄၅ ခန်းပါသော ဟိုတယ်ကို တိုကျိုရှိ Ueno ဝန်းကျင်တွင် ၂၀၂၄ ခုနှစ် မတ်လ၌ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် အခန်းငှားရမ်းခများအနေဖြင့် စတုရန်းမီတာ ၄၀ မီတာကျယ်သော လူဉီးရေ ၄ ယောက်အထိ တည်းခိုနိုင်သည့်အခန်းတစ်ခန်းအား တစ်ညလျှင် ယန်း ၃၀,၀၀၀ မှ ၅၀,၀၀၀ အထိ သတ်မှတ်သွားမည်ဖြစ်ပြီး ၆ ယောက်ဆံ့သည့် အခန်းတစ်ခန်းလျှင် ယန်း ၁၀၀,၀၀၀ မှ ၁၂၀,၀၀၀ အကြား သတ်မှတ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

Nittetsu Kowa Real Estate အနေဖြင့် တိုကျိုရှိ ရှင်ဂျူးဂုနှင့် အိုဆာကာရှိ Namba ခရိုင်တို့တွင် ၂၀၂၅ ခုနှစ်၌ ဟိုတယ်များဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ NTT Urban Development ကုမ္ပဏီအနေဖြင့် ကျိုတို၊ အိုဆာကာ၊ ဟိုကိုင်းဒိုးတွင် စုစုပေါင်းအခန်း ၅၂၆ ခန်းပါဝင်မည့် ဟိုတယ်များကို ၂၀၂၄ ခုနှစ်နှင့် ၂၀၂၆ ခုနှစ်အကြား ဖွင့်လှစ်သွားရန် စီစဉ်လျက်ရှိကြောင်း၊ အဆိုပါအရေအတွက်သည် ကုမ္ပဏီမှ ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အကြားဖွင့်လှစ်ခဲ့သည့် ဟိုတယ်များရှိ အခန်းအရေအတွက်ထက် ၅၀ ရာခိုင်နှုန်းများပြားလာမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

Mitsui Fudosan အနေဖြင့်လည်း လက်ရှိအခန်းအရေအတွက်၏ ၁၀ ရာခိုင်နှုန်းတိုးမြှင့်၍ စုစုပေါင်းဟိုတယ်အခန်း ၁,၀၀၀ ကို ဂျပန်နိုင်ငံနှင့် ၎င်းပိုင်ပြည်ပရှိ ဟိုတယ်များတွင် တိုးချဲ့ဆောက်လုပ်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ဟိုတယ်အခန်းစုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းကိုသာငှားရမ်းခဲ့ရပြီး၊ ၂၀၂၃ ခုနှစ် ဧပြီလမှ ဇွန်လအထိတွင် ဟိုတယ်အခန်းစုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကျော်ကို ငှားရမ်းခဲ့ရကြောင်း၊ ပြည်ပမှ ခရီးသွားဧည့်သည်များလည်း ဆက်လက်များပြားလာနိုင်မည်ဟု မျှော်မှန်းထားကြောင်း ဖော်ပြထားပါသည်။ Hulic Co., Ltd. အနေဖြင့် ဂျပန်ရိုးရာဇိမ်ခံတည်းခိုခန်းကို တိုကျိုရှိ Ginza တွင် ၂၀၂၅ ခုနှစ်၌ ဖွင့်လှစ်သွားရန် စီစဉ်လျက်ရှိကြောင်းလည်း ဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ် ပထမ ၆ လတွင် ဂျပန်နိုင်ငံ၏ဟိုတယ်လုပ်ငန်းကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ၇၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ယန်း ၂၀၃.၄ ဘီလီယံ အထိရှိခဲ့ကြောင်း အမေရိကန်၊ အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ JLL ၏အချက်အလက်များအရ သိရှိရကြောင်း၊အဆိုပါရင်းနှီးမြှုပ်နှံမှုပမာဏမှာ ၂၀၁၉ ခုနှစ်တွင် ပထမ ၆ လ၌ ရရှိခဲ့သည့် ရင်းနှီးမြှုပ်နှံမှု၏ ၇၀ ရာခိုင်နှုန်းသာရှိသော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏမှာ ၃.၆ ဆမြင့်တက်ခဲ့ပြီး ယန်း ၁၂၈.၅ ဘီလီယံရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ဟိုတယ်နှင့် တည်းခိုခန်းသို့ လာရောက်တည်းခိုကြသည့် ဧည့်သည်အရေအတွက်မှာ ၆၂.၂၇ သန်းရှိခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ပွားမီကာလတွင် လာရောက်ခဲ့သည့် ဧည့်သည်အရေအတွက်နီးပါး လာရောက်ခဲ့ကြောင်း၊ စုစုပေါင်းလာရောက်တည်းခိုသည့် ဧည့်သည်အရေအတွက်အနက် ၁၀.၃၄ သန်းမှာ နိုင်ငံခြားသားများဖြစ်ပြီး အဆိုပါအရေအတွက်သည် ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ပွားမီကာလထက်ပင် ကျော်လွန်ခဲ့ကြောင်း ဖော်ပြထားပါသည်။

အိမ်ရာအဆောက်အဉီတည်ဆောက်သည့်ကဏ္ဍတွင် အိမ်ရာအသစ်တည်ဆောက်မှုမှာ လျော့နည်းလာပြီး၊ ရုံးခန်းအဆောက်အဉီတည်ဆောက်မှုမှာ များပြားလာခဲ့ကြောင်း၊ အဆိုပါကဏ္ဍများတွင် ငှားရမ်းခရရှိမှုမှာကျဆင်းလာသည့်အတွက် မသေချာမရေရာမှုများဖြစ်ပေါ်လျက်ရှိကြောင်း၊ ထို့ကြောင့် ကုမ္ပဏီများအနေဖြင့် ဟိုတယ်လုပ်ငန်းကဏ္ဍတိုးတက်လာရန်မျှော်မှန်း၍ ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်လျက်ရှိကြောင်း၊ သို့သော် လုပ်သားရှားပါးမှုကြောင့် သတ်မှတ်ချိန်အတွင်း ပြီးစီးအောင်တည်ဆောက်နိုင်ခြင်းမရှိပါက ဆောက်လုပ်ရေးဆိုင်ရာကုန်ကျစရိတ်များမြင့်တက် လာမည်ဆိုပါက မြို့ပြနှင့်အလှမ်းဝေးသည့်နေရာများတွင် တည်ဆောက်လျက်ရှိသည့်ဟိုတယ်များ၏အခန်းငှားရမ်းခများအား တိုးမြှင့်သတ်မှတ်ရာတွင် စိန်ခေါ်မှုများဖြစ်ပေါ်စေမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

          ငွေကြေးဖောင်းပွမှုမြင့်မားပြီး ဂျပန်ယန်းငွေတန်ဖိုးကျဆင်းလာမှုသည် ဂျပန်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့် ပြည်ပရင်းနှီးမြှုပ်နှံသူများအတွက် ဆွဲဆောင်မှုများဖြစ်ပေါ်စေလျက်ရှိပါသည်။ကိုဗစ်-၁၉ကပ်ရောဂါအလွန်ကာလတွင် ခရီးသွားဧည့်သည်လာရောက်မှုပြန်လည်မြင့်တက်လာခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ ဂျပန်နိုင်ငံသို့ ခရီးသွားဧည့်သည်စုစုပေါင်း ၁၅ သန်းကျော် လာရောက်ခဲ့ပါသည်။ ထိုသို့ ခရီးသွားဧည့်သည်လာရောက်မှုပြန်လည်မြင့်တက်လာခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ပွားမီကာလ၏ ၈၆ ရာခိုင်နှုန်းနီးပါးပြန်လည်လာရောက်ခဲ့ခြင်းကြောင့် ဟိုတယ်ကဲ့သို့သော အိမ်ရာ အဆောက်အဉီတည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍတွင် အခွင့်အလမ်းများဖြစ်ပေါ်ကာ ရင်းနှီးမြှုပ်နှံမှုများ ပိုမို ဝင်ရောက်လာခြင်းဖြစ်ကြောင်း သုံးသပ်ရပါသည်။

Source: The Nikkei Asia News (၁၆-၁၀-၂၀၂၃)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News