International News

ဂျပန်နိုင်ငံတွင် နေထိုင်သည့် နိုင်ငံခြားသားအရေအတွက် ၃.၂ သန်းအထိ စံချိန်တင်များပြားလာ

Last Updated:

ဂျပန်နိုင်ငံတွင် လုပ်သားရှားပါးမှုကြောင့် လုပ်သားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ပြည်ပမှလုပ်သားအရေအတွက် များပြားလာသည် နှင့်အမျှ ၂၀၂၃ ခုနှစ်၌ ဂျပန်နိုင်ငံတွင် နေထိုင်သည့် နိုင်ငံခြားသားအရေအတွက်မှာ ၃.၂ သန်းကျော်အထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း ၁၃-၁၀-၂၀၂၃ ရက်နေ့တွင် အစိုးရက ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ သိရှိရကြောင်း ၁၃-၁၀-၂၀၂၃ ရက်နေ့ထုတ် The Kyodo News သတင်းစာတွင် “No. of foreign residents in Japan rises to record 3.2 million” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်း၌ ၂၀၂၃ ခုနှစ်၊ ဇွန်လကုန်တွင် ဂျပန်နိုင်ငံ၌ နေထိုင်သည့်လုပ်သားအရေအတွက်မှာ ၃,၂၂၃,၈၅၈ ဦးရှိခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်နှင့်နှိုင်းယှဉ်ပါက ၁၄၈,၆၄၅ ဦးများပြားလာခဲ့ကြောင်း၊ ဂျပန်နိုင်ငံတွင်နေထိုင်လျက်ရှိသည့် နိုင်ငံခြားသားအရေအတွက်တွင် အမြဲတမ်းနေထိုင်သည့် နိုင်ငံခြားသားအရေအတွက်မှာ ၈၈၀,၁၇၈ ဦးဖြင့် အများဆုံးဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်နှင့်နှိုင်းယှဉ်ပါက ၁.၉ ရာခိုင်နှုန်းမြင့်မားလာခဲ့ကြောင်း ဂျပန်နိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဝန်ဆောင်မှုအေဂျင်စီ၏ အချက်အလက်များအရ သိရှိရကြောင်း ဖော်ပြထားပါသည်။

အဓိကအားဖြင့် လေ့ကျင့်သင်ကြားပေးရန်မလိုဘဲ လုပ်ငန်းခွင်သို့ တိုက်ရိုက်ဝင်ရောက်လုပ်ကိုင်နိုင်သော ကျွမ်းကျင်ဝန်ထမ်းအရေအတွက် များပြားလာသည်ကို တွေ့ရှိရကြောင်း၊ ထို့အတူ နည်းပညာအလုပ်သင်အစီအစဉ်အရ ဝင်ရောက်လာသည့် နည်းပညာအလုပ်သင်သင်တန်းသားများလည်း များပြားလာသည်ကိုတွေ့ရှိရကြောင်း ဖော်ပြထားပါသည်။ နည်းပညာအလုပ်သင်သင်တန်းသားအရေအတွက်မှာ ၃၅၈,၁၅၉ ဦးရှိပြီး ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်နှင့်နှိုင်းယှဉ်ပါက ၁၀.၂ ရာခိုင်နှုန်းမြင့်မားလာခဲ့ကြောင်း၊ အင်ဂျင်နီယာ၊ နိုင်ငံခြားဘာသာစကားသင်ကြားသည့် ဆရာများ၊ လူသားဆိုင်ရာနှင့် နိုင်ငံတကာရေးရာဝန်ဆောင်မှုဆိုင်ရာ ကျွမ်းကျင်သူအရေအတွက်မှာ ၁၀.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၃၄၆,၁၁၆ ဦးရှိခဲ့ကြောင်း၊ သတ်မှတ်ထားသည့်လုပ်ငန်းကဏ္ဍများတွင် ကျွမ်းကျင်လုပ်သားအရေအတွက်မှာ ၁၇၃,၁၀၁ ဦးရှိခဲ့ပြီး ၃၂.၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံတွင် အများဆုံးနေထိုင်လျက်ရှိသည့်နိုင်ငံသားများမှာ တရုတ်နိုင်ငံသား၊ ဗီယက်နမ်နိုင်ငံသားများနှင့် တောင်ကိုရီးယားနိုင်ငံသားများဖြစ်ကြကြောင်း၊ကိုဗစ်-၁၉ ဆိုင်ရာကန့်သတ်ချက်များဖြေလျှော့ခဲ့ပြီးနောက် ဂျပန်နိုင်ငံသို့လာရောက်ခဲ့သည့်ခရီးသွားဧည့်သည်အရေအတွက်မှာ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် ၁၀,၁၅၄,၂၄၉ ဦးရှိခဲ့ပြီး ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၉.၇၇ သန်းနီးပါးများပြားလာခဲ့ကြောင်း၊ အဆိုပါအရေအတွက်မှာ ကိုဗစ်-၁၉ မဖြစ်ပွားမီကာလဖြစ်သည့် ၂၀၁၉ ခုနှစ် ပထမနှစ်ဝက်တွင်ရှိခဲ့သည့် ခရီးသွားဧည့်သည်၏ ၇၀ ရာခိုင်နှုန်းနီးပါး ပြန်လည်ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်ပထမနှစ်ဝက်တွင် ခရီးသွားလာခြင်းအပါအဝင် ဂျပန်နိုင်ငံမှ ထွက်ခွာသွားသည့် နိုင်ငံသားအရေ အတွက်မှာ ၃.၆၁ သန်းကျော်ရှိပြီး အဆိုပါအရေအတွက်မှာ ၂၀၂၂ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၂.၉၉ သန်းများပြားလာခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့အထိ ဂျပန်နိုင်ငံတွင် ဗီဇာသက်တမ်းကျော်လွန်၍ နေထိုင်လျက်ရှိသည့် နိုင်ငံခြားသားအရေအတွက်မှာ ၇၉,၁၀၁ ဦးရှိကြောင်း လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အချက်အလက်များအရ သိရှိရကြောင်း ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

ဂျပန်နိုင်ငံတွင် လူဉီးရေကျဆင်းမှုနှင့်အတူ လုပ်သားရှားပါးမှုများဖြစ်ပေါ်လျက်ရှိခြင်းကြောင့် နိုင်ငံ့ကုန်ထုတ်လုပ်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုအပေါ် စိန်ခေါ်မှုများဖြစ်ပေါ်လျက်ရှိပါသည်။ ထို့ကြောင့် ဂျပန်အစိုးရ၏ဖွံ့ဖြိုးမှုမဟာဗျူဟာတွင် လူသားအရင်းအမြစ်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု (Human Capital Investment)အား အဓိကလုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိပါသည်။ ဂျပန်အစိုးရအနေဖြင့် လုပ်သားဈေးကွက်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ဦးစားပေးအနေဖြင့် ဆောင်ရွက်လျက်ရှိပြီး၊ လုပ်ငန်းခွင်ကျွမ်းကျင်မှုအရည်အသွေးမြှင့်တင်ခြင်း(reskilling)၊ လုပ်ငန်းအမျိုးအစားအပေါ် မူတည်၍ လစာနှုန်းထားသတ်မှတ်သည့် ဂျပန်နိုင်ငံ၏နည်းလမ်းကို မိတ်ဆက်ကျင့်သုံးခြင်း၊ ဖွံ့ဖြိုးတိုးတက်ရန် အလားအလာရှိသည့်ကဏ္ဍများတွင် လုပ်သားများပိုမိုဝင်ရောက်လုပ်ကိုင်လာနိုင်စေရေးအတွက် လမ်းဖွင့်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး၊ အမျိုးသမီးများနှင့် ပြည်ပနိုင်ငံသားများအားလည်း တူညီသည့်အလုပ်အကိုင်အခွင့်အလမ်းများရရှိစေမည့် ဝန်းကျင်တစ်ရပ်ကို ဖော်ဆောင်ပေးခြင်းဖြင့် ပြည်ပလုပ်သားများအား ပိုမိုဖိတ်ခေါ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

လက်ရှိတွင် ဂျပန်အစိုးရအနေဖြင့် Type-2 တွင်ပါဝင်သည့် လုပ်ငန်းကဏ္ဍ ၂ ခုဖြစ်သော ဆောက်လုပ်ရေးလုပ်ငန်းနှင့် သင်္ဘောတည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်းဆိုင်ရာကဏ္ဍရှိ ကျွမ်းကျင်ဝန်ထမ်းများအား ဂျပန်နိုင်ငံ၌ နှစ်အကန့်အသတ်မရှိ နေထိုင်ခွင့်ပြုပေးလျက်ရှိပါသည်။ နိုင်ငံအတွင်း လုပ်သားရှားပါးမှုကို ဖြေရှင်းနိုင်ရန်နှင့် ကျွမ်းကျင်ဝန်ထမ်းများကို ကာလရှည်ထိန်းထားနိုင်ရေးအတွက် ဂျပန်အစိုးရအနေဖြင့် Type-2 တွင်ရှိသည့် လက်ရှိကဏ္ဍ ၂ ခုမှ ကဏ္ဍ ၁၁ ခုအထိ တိုးမြှင့်ခွင့်ပြုသွားရန် စီစဉ်လျက်ရှိသည့်အတွက် ဂျပန်နိုင်ငံတွင် နေထိုင်သည့် နိုင်ငံခြားသားလုပ်သားအရေအတွက်မှာ ဆက်လက်မြင့်တက်နိုင်ဖွယ်ရှိကြောင်း သုံးသပ်ရပါသည်။

 Source: The Kyodo News (၁၃-၁၀-၂၀၂၃)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News