ဒူဘိုင်းလျှပ်စစ်နှင့်ရေအာဏာပိုင်အဖွဲ့(DEWA)သည် အဘူဒါဘီမြို့တော်တွင်ကျင်းပပြုလုပ်သော ၂၀၂၆ ခုနှစ် ကမ္ဘာ့အနာဂတ်စွမ်းအင်ထိပ်သီးအစည်းအဝေးတွင် ၎င်းတို့၏ရည်မှန်းချက်ကြီးမားပြီး သန့်ရှင်းသော စွမ်းအင်စီမံကိန်းများနှင့် အဆင့်မြင့်ဒစ်ဂျစ်တယ်အစီအစဉ်များကို မီးမောင်းထိုးပြသလျက်ရှိပြီး ရေရှည်တည်တံ့သော စွမ်းအင်နှင့်စမတ်အခြေခံအဆောက်အအုံများဆီသို့ ကမ္ဘာလုံးဆိုင်ရာ အသွင်ကူးပြောင်းမှုကိုဦးဆောင်မည့် ယူအေအီးနိုင်ငံ၏တွန်းအားပေးမှုအပေါ် အားဖြည့်ပေးလျက်ရှိပါသည်။
ယူအေအီးအစိုးရပိုင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကုမ္ပဏီဖြစ်သည့် Masdar မှဦးစီး၍ ဇန်နဝါရီလ၊ ၁၃ ရက်မှ ၁၅ ရက်အထိ အဘူဒါဘီအမျိုးသားပြပွဲစင်တာတွင် ကျင်းပလျက်ရှိသည့် အဆိုပါထိပ်သီးအစည်း အဝေးတွင် ဒူဘိုင်းနှင့် အခြားဒေသများတွင် စွမ်းအင်နှင့်ရေ၏ အနာဂတ်ကိုပုံဖော်ပေးသည့် အဓိကဖွံ့ဖြိုးတိုးတက်မှုများကို လာရောက်လည်ပတ်သူများမှ လေ့လာနိုင်မည့်ခန်းမ ၅ တွင် DEWA ၏ ပြခန်းအား ပြသထားရှိပါသည်။
DEWA ပြခန်း၏အလယ်ဗဟိုတွင် လက်ရှိလွတ်လပ်သော စွမ်းအင်ထုတ်လုပ်သူပုံစံကို အသုံးပြုထားသည့် ကမ္ဘာ့အကြီးဆုံးနေရာတစ်ခုဖြစ်သော Mohammed bin Rashid Al Maktoum နေရောင်ခြည်စွမ်းအင်ပန်းခြံတည်ရှိပါသည်။ ၎င်း၏စွမ်းရည်မှာ ၃,၈၆၀ မဂ္ဂါဝပ်အထိရောက်ရှိခဲ့ပြီး ၂၀၃၀ ခုနှစ်တွင် ၈,၀၀၀ မဂ္ဂါဝပ်ထက် ကျော်လွန်နိုင်ရန် စီစဉ်ထားရှိကာ မူလအစီအစဉ်ထက် ၆၀ % တိုးပွားလာခဲ့ပါသည်။ ယခုအချိန်တွင် သန့်ရှင်းသောစွမ်းအင်မှာ DEWA မှ စုစုပေါင်းစွမ်းရည်၏ ၂၁.၅ % ကျော်ရှိပြီး ၂၀၃၀ ခုနှစ်တွင် ၃၆ % အထိရောက်ရှိရန် ခန့်မှန်းထားကာ နှစ်စဉ်ကာဗွန်ထုတ်လွှတ်မှုတန်ချိန် ၈.၅ သန်းကျော်ကို လျှော့ချပေးနိုင်ခဲ့ပါ သည်။
DEWA သည် ဉာဏ်ရည်တုနည်းပညာ၊ အချိန်နှင့် တပြေးညီအချက် အလက်များစွာကို ထုတ်လုပ်ပေးသည့်နည်းပညာဖြစ်သည့် IoT(Inter net of Things)နှင့် ကြီးမားရှုပ်ထွေးသော အချက်အလက်များကို သိမ်း ဆည်း၊ လုပ်ဆောင်ရန်နှင့် ခွဲခြမ်းစိတ်ဖြာသည့် big data နည်းပညာ စသည်တို့အပါအဝင် အဆင့်မြင့်နည်းပညာများဖြင့် စွမ်းအားပေးထားပြီး အသားတင်အပြုသဘောဆောင်သော အစိုးရအဆောက်အအုံတစ်ခုဖြစ်လာရန် ပုံစံထုတ်ဖော်ထားသည့် Al Jaddaf ဒေသရှိ ၎င်းတို့၏ နောက်လာမည့် ဌာနချုပ်အသစ်ဖြစ်သည့် Al Shera’a ကိုလည်း တင်ဆက်ပြသလျက်ရှိပါသည်။ ဤစီမံကိန်းသည် ထိပ်တန်းကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲမှုအသိအမှတ်ပြုလက်မှတ်များအပေါ် ပစ်မှတ်ထားရှိပါသည်။
နောက်ထပ်ထူးခြားချက်များအနေဖြင့် မူပိုင်ခွင့် ၆၄ ခု တို့ဖြင့် မှတ်ပုံတင်ထားသော ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် ဆန်းသစ်တီထွင်မှုစင်တာနှင့် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးစင်တာတို့အပြင် ဒူဘိုင်းပြည်နယ်တစ်ဝှမ်းတွင် အားသွင်းစက် ၁၇၀၀ ကျော်ပါရှိသော EV Green Charger ကွန်ရက်စသည်တို့ပါဝင်ပါသည်။
DEWA ၏ဒစ်ဂျစ်တယ်လက်အောက်ခံကုမ္ပဏီဖြစ်သည့် Moro Hub သည် စမတ်ကျပြီး ရေရှည်တည်တံ့သော ဒစ်ဂျစ်တယ်အသွင်ပြောင်းမှုကိုပံ့ပိုးပေးသည့် AI-driven လုံခြုံရေးစနစ်များ၊ cloud နည်းပညာနှင့် စိမ်းလန်းသောအချက်အလက်စင်တာစသည့် ဖြေရှင်းချက်များအား ပြသလျက်ရှိကြောင်း သတင်းဖော်ပြထားပါသည်။
News Source: Emirates News Agency, 14.1.2026 (2)
(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)