အာရပ်စော်ဘွားများပြည်ထောင်စုသည် Henley နိုင်ငံကူးလက်မှတ်အညွှန်းကိန်းအရမှတ်တမ်းတင်ထားသမျှတွင် အခိုင်မာဆုံး ရေရှည်တိုးတက်မှုကို ရရှိခဲ့ပြီး လွန်ခဲ့သောနှစ် ၂၀ အတွင်းတွင် အဆင့် ၅၇ ဆင့် အထိမြင့်တက်လာခဲ့ကာ ၂၀၂၆ ခုနှစ်အညွှန်းကိန်းများအရ ကမ္ဘာတစ်ဝှမ်း၌ ပဉ္စမနေရာသို့ ရောက်ရှိခဲ့ ပါသည်။
နိုင်ငံတကာလေကြောင်းသယ်ယူပို့ဆောင်ရေးအသင်းမှ အချက်အလက်များအပေါ် အခြေခံထားသည့် အဆိုပါအညွှန်းကိန်း၏နောက်ဆုံးထုတ်ပြန်မှုအရ ယူအေအီးနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ကြသူများသည် ယခု အခါတွင် ခရီးစဉ်ဒေသပေါင်း ၁၈၄ ခုဆီသို့ ဗီဇာကင်းလွတ်ခွင့် (သို့မဟုတ်)ဆိုက်ရောက်ဗီဇာဖြင့်ဝင်ရောက်ခွင့်ရရှိကြပါသည်။၎င်းသည် ၂၀၀၆ ခုနှစ်မှစ၍ ခရီးစဉ်ဒေသ ၁၄၉ ခု တိုးတက်လာခဲ့ခြင်းဖြစ်ပြီး ၎င်းအညွှန်းကိန်း၏သမိုင်းတစ်လျှောက်တွင် မည်သည့်နိုင်ငံမှ မရရှိခဲ့ကြဖူးသည့် အကြီးမားဆုံးသော တိုးတက်မှုတစ်ရပ်ဖြစ်ပါသည်။
အဆိုပါအညွှန်းကိန်းကိုထုတ်ပြန်သည့် Henley & Partners အဖွဲ့က ယူအေအီးနိုင်ငံ၏တိုးတက်မှုသည် ရေရှည်သံတမန်ဆက်ဆံရေး၊ မဟာ ဗျူဟာဗီဇာမူဝါဒများနှင့် နှစ်နိုင်ငံနှင့်နိုင်ငံပေါင်းစုံမိတ်ဖက်များတိုးချဲ့မှုများကြောင့်ဟု ယူဆခဲ့ပါသည်။ Henley & Partners အဖွဲ့၏ဥက္ကဋ္ဌဖြစ်သူ Dr.Christian H. Kaelin က ယူအေအီးနိုင်ငံ၏ တိုးတက်မှုအား ယှဉ်နိုင်စရာမရှိဟုဖော်ပြခဲ့ပြီး ရေရှည်အမြင်၊ နိုင်ငံရေးတည်ငြိမ်မှုနှင့် တက်ကြွသော သံတမန်ရေးတို့သည် မြှင့်တင်ထားသော ကမ္ဘာလုံးဆိုင်ရာ ရွေ့လျားမှုနှင့် ပျော့ပျောင်းသော အင်အားတို့၏ အဓိကမောင်းနှင်အားများဖြစ်ကြကြောင်း ကိုးကား၍ ဖော်ပြခဲ့ပါသည်။ ယူအေအီးနိုင်ငံသည် ယခုအခါတွင် နယူးဇီလန်၊ ဗြိတိန်၊ ဩစတြေးလျ၊ ကနေဒါနှင့် အမေရိကန်ပြည်ထောင်စုတို့အပါအဝင် အစဉ်အလာအရ ခိုင်မာသော နိုင်ငံကူးလက်မှတ်များစွာတို့ထက် သာလွန်လျက်ရှိပါသည်။ ၎င်းအဆင့်သတ်မှတ်ချက်သည် ကမ္ဘာလုံးဆိုင်ရာ ချိတ်ဆက်သူအဖြစ် ယူအေအီး နိုင်ငံ၏ ကြီးထွားလာနေသော အခန်းကဏ္ဍနှင့် ပွင့်လင်းမြင်သာမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့အပေါ်အလေးပေးမှုအပေါ်ထင်ဟပ်စေကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။
ယူအေအီးနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ လက်ထောက်အတွင်းဝန် Omar Obaid Al Shamsi က ဤအောင်မြင်မှုသည် ဦးဆောင်မှု၏ ဆွေးနွေးမှုနှင့်နိုင်ငံတကာမိတ်ဖက်ဆက်ဆံရေးအပေါ် ကတိကဝတ်အား ထင်ဟပ်စေပြီး ခရီးသွားလာခွင့်ကို တိုးချဲ့ခြင်းသည် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအား ပံ့ပိုးပေးနေချိန်တွင် ယူအေအီးနိုင်ငံသားများအတွက် ပိုမိုကျယ်ပြန့်သောအခွင့်အလမ်းများကို ဖန်တီးပေးကြောင်း ထပ်လောင်းပြောကြားခဲ့ပါသည်။
၂၀၂၆ ခုနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလာမှုအနေဖြင့် ခရီးသည် ၅.၂ ဘီလီယံကျော်မည်ဟု ခန့်မှန်းထားသည့်အတွက် နိုင်ငံကူးလက်မှတ် ၏ခိုင်မာမှုသည် စီးပွားရေးပါဝင်မှုနှင့် နိုင်ငံတကာပါဝင်ဆောင်ရွက်မှုများအတွက် ပိုမို၍အရေးပါလာကြောင်း ကျွမ်းကျင်သူများက ထောက်ပြကြပါသည်။ Henley & Partners ၏သုတေသနပြုချက်အရ တည်ငြိမ်သော အုပ်ချုပ်မှု၊ အပြန်အလှန်ဗီဇာမူဝါဒများနှင့် ခရီးသွားလုပ်ငန်းနှင့် ကုန်သွယ်ရေးလုပ်ငန်းများအပေါ် ပွင့်လင်းမြင်သာမှုများအရ ယူအေအီး နိုင်ငံသည် မဟာဗျူဟာကျကျဆက်လက်၍ ရင်းနှီးမြှုပ်နှံလျက်ရှိသည့် ပတ်စ်ပို့ဩဇာအင်အားအနေအထားတွင် ရေရှည်တိုးတက်မှုများအတွက် အဓိကကျလျက်ရှိကြောင်း သတင်းဖော်ပြထားပါသည်။
News Source: Emirates News Agency
(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)