ယူအေအီးနိုင်ငံ၏ စက်မှုလုပ်ငန်းကဏ္ဍသည် ၂၀၅၀ ခုနှစ်တွင် အသား တင်သုညဖြစ်စေမည့် မဟာဗျူဟာမြောက်အစီအစဉ်သို့ မြှင့်တင်ရာတွင် အဓိကနေရာမှ ပါဝင်လျက်ရှိပြီး ရေရှည်တည်တံ့မှု၊ အဆင့်မြင့်နည်းပညာများနှင့် ကမ္ဘာလုံးဆိုင်ရာရင်းနှီးမြှုပ်နှံမှုမိတ်ဖက်များကို အဓိကထား၍ ဆောင်ရွက်လျက်ရှိကြောင်း စက်မှုလုပ်ငန်းနှင့် အဆင့်မြင့်နည်းပညာဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့ပါသည်။
စက်မှုလုပ်ငန်းအရှိန်မြှင့်တင်ရေးကဏ္ဍမှ လက်ထောက်အတွင်းရေးမှူး Osama Amir Fadhel က ဤကဏ္ဍသည် စက်မှုလုပ်ငန်းများ၌ ထိရောက်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရာတွင် ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချရာ၌ အဓိကကျသော အုတ်မြစ်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အဘူဒါဘီရေရှည်တည်တံ့ခိုင်မြဲရေးရက်သတ္တပတ် ၂၀၂၆ ကျင်းပသည့်ကာလအတွင်း ယူအေအီးနိုင်ငံတွင် Make it in the UAE လမ်းကြောင်းမှတစ်ဆင့် ဝန်ကြီးဌာန၏ပါဝင်မှုအပေါ် ၎င်းက အလေး ပေးပြောကြားခဲ့ပါသည်။
စက်မှုလုပ်ငန်းမြင်ကွင်းတွင် ကြီးမားသော စက်မှုလုပ်ငန်းများအပြင် ဉာဏ်ရည်တုနည်းပညာ၊ အလိုအလျောက်စနစ်များနှင့် အဆင့်မြင့်နည်းပညာရပ်များဖြင့် မောင်းနှင်သော ကဏ္ဍများလည်း ပါဝင် ပါသည်။ ဤစွမ်းဆောင်ရည်များသည် ထုတ်လုပ်မှုကုန်ကျစရိတ်များကို လျှော့ချရန်၊ လုပ်ငန်းလည်ပတ်ရာတွင် ထိရောက်မှုကိုမြှင့်တင်ရန်နှင့် ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေးကို ပံ့ပိုးပေးရန်အတွက် ကူညီပေးကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။
၂၀၂၆ ခုနှစ်၊ မေလ ၄ ရက်မှ ၇ ရက်အထိ အဘူဒါဘီအမျိုးသားပြပွဲစင်တာတွင် ကျင်းပပြုလုပ်မည့် Make it in the UAE အစီအစဉ်၏ ပဉ္စမအကြိမ်မြောက်ပြပွဲတွင် ပါဝင်ရန် ပြည်တွင်းနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများအား ဖိတ်ခေါ်ခဲ့ပါသည်။ ယင်းလမ်းကြောင်းသည် နိုင်ငံတကာမိတ်ဖက်များကို ဖွဲ့စည်းရန်နှင့် လူဦးရေသုံးဘီလီယံကျော်ကို ဝန်ဆောင် မှုပေးသည့် ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်များဆီသို့ ဝင်ရောက်နိုင်မည့် လမ်းကြောင်းများနှင့်အတူ ဆွဲဆောင်မှုများ၊ ငွေကြေးဆိုင်ရာ ဖြေရှင်း ချက်များနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများကို ပေးဆောင်သွားမည်ဖြစ်ပါသည်။
ဝန်ကြီးဌာနအနေဖြင့် စိမ်းလန်းသော စီးပွားရေးဆီသို့ အသွင်ကူးပြောင်းမှုကို အရှိန်မြှင့်တင်ရန် နှင့်အနာဂတ်စက်မှုလုပ်ငန်းများအတွက် ကမ္ဘာလုံးဆိုင်ရာဗဟိုချက်အဖြစ် ယူအေအီးနိုင်ငံ၏ရပ်တည်ချက်ကို အားကောင်းစေရန်အတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှုအပေါ် အားကောင်းစေရန်လည်း ဆောင်ရွက်လျက်ရှိပါသည်။
အမျိုးသား-နိုင်ငံတွင်းတန်ဖိုးအစီအစဉ်နှင့် စတုတ္ထစက်မှုလုပ်ငန်းအသွင်ပြောင်းလဲရေးနည်းပညာရပ်များကို လက်ခံကျင့်သုံးခြင်းကဲ့သို့သောအစီ အစဉ်များသည် ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး ပြန်လည်ကောင်းမွန်လာသော စက်မှုလုပ်ငန်းဂေဟစနစ်တစ်ခုကို တည်ဆောက်ရန်အတွက် အဆင့်မြင့်ထုတ်လုပ်မှု၊ အမျိုးသားထောက်ပံ့ရေးကွင်းဆက်များနှင့် ယူအေအီးနိုင်ငံသားများအား ပံ့ပိုးပေးရာတွင် GDP အတွက် ၎င်းကဏ္ဍ၏ ပံ့ပိုးကူညီမှုကို မြှင့်တင်ပေးလျက်ရှိကြောင်း Fadhel က ဆက်လက်ပြောကြားခဲ့ကြောင်း သတင်းဖော်ပြထားပါသည်။
News Source: Emirates News Agency
(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)