International News

ရုရှားနှင့် တရုတ်ကုန်သွယ်မှုပမာဏ ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၂၈ ဒသမ ၁ ဘီလီယံရှိ

Last Updated:

၂၀၂၅ ခုနှစ်တွင် ရုရှားနှင့်တရုတ်ကြား အပြန်အလှန်ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၂၂၈ ဒသမ ၁ ဘီလီယံရှိခဲ့ပြီး ၂၀၂၄ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၆ ဒသမ ၉ ရာခိုင်နှုန်းကျဆင်းသွားခဲ့ကြောင်း တရုတ်အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)က သတင်းထုတ်ပြန် ခဲ့သည်။

အစီရင်ခံကာလအတွင်း တရုတ်သို့ ရုရှားကုန်ပစ္စည်းတင်သွင်းမှုသည် အမေရိကန်ဒေါ်လာ ၁၂၄ ဒသမ ၇၉ ဘီလီယံရှိပြီး ၃ ဒသမ ၉ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ရုရှားနိုင်ငံသို့ တရုတ်ထုတ်ကုန်များတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၁၀၃ ဒသမ ၃ ဘီလီယံရှိပြီး ၁၀ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဖော်ပြထားသည်။

၂၀၂၅ ခုနှစ်၊ ရုရှားနှင့်တရုတ်ကုန်သွယ်မှုပမာဏတွင် ရုရှားနိုင်ငံဘက်က ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၄၉ ဘီလီယံရှိခဲ့ပြီး ယင်းသည် ၂၀၂၄ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၅၅ ဒသမ ၄ ရာခိုင်နှုန်းပိုများခဲ့သည်။

တရုတ်နိုင်ငံသို့ တင်သွင်းသည့် ရုရှားကုန်ပစ္စည်းအများစုမှာ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး၊ လောင်စာဆီ၊ ကြေးနီနှင့် ကြေးနီသတ္တုရိုင်း၊ သစ်ထုတ်ကုန်နှင့် ရေထွက်ကုန်များပါဝင်သည်။

ရုရှားနိုင်ငံသို့တင်ပို့သည့် တရုတ်ကုန်ပစ္စည်းများမှာ မော်တော်ယာဉ်၊ လယ်ထွန်စက်၊ ကွန်ပျူတာနှင့် စမတ်ဖုန်းများအပြင် စက်မှုနှင့် အထူးပစ္စည်းကိရိယာများ၊ ကလေးကစားစရာများ၊ အဝတ်အထည်များနှင့် ဖိနပ်များပါဝင်သည်။

ရုရှား-တရုတ်ကုန်သွယ်မှုလုပ်ငန်းအားလုံးနီးပါးကို နိုင်ငံတော်သုံးငွေကြေးရူဘယ်နှင့် ယွမ်ငွေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၃ ခုနှစ်တွင် ရုရှား-တရုတ်ကုန်သွယ်မှုပမာဏသည် ၂၆ ဒသမ ၃ ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၄၀ ဘီလီယံရှိခဲ့ကာ ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၄၅ ဘီလီယံခန့်ထိ စံချိန်တင်အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

Source :        https://tass.ru/ekonomika/26141131

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News