၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ရုရှား၏ နိုင်ငံခြားကုန်သွယ်မှုပိုငွေသည် အမေရိကန်ဒေါ်လာ ၁၂၄ ဒသမ ၇ ဘီလီယံရရှိခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၀ ဒသမ ၄၈ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ရုရှားဖက်ဒရယ်အကောက်ခွန်ဝန်ဆောင်မှုဌာန(Federal Customs Service - FCS)၏အချက်အလက်များအရ သိရသည်။
အစီရင်ခံကာလအတွင်း ပို့ကုန်ပမာဏသည် တန်ဖိုးအမေရိကန်ဒေါ်လာ ၃၇၃ ဒသမ ၇ ဘီလီယံရှိခဲ့ပြီး ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ဒေါ်လာ ၂၀ ဒသမ ၈ ဘီလီယံသို့ကျဆင်းခဲ့သည်။ သွင်းကုန်ပမာဏသည် တန်ဖိုးဒေါ်လာ ၂၄၉ ဘီလီယံရှိခဲ့ပြီး ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ဒေါ်လာ ၆ ဒသမ ၂ ဘီလီယံကျဆင်းခဲ့သည်။ ယင်းကြောင့် ရုရှားနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုပမာဏသည် ဒေါ်လာ ၆၂၂ ဒသမ ၇ ဘီလီယံ ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၄ ဒသမ ၁၆ ရာခိုင်နှုန်းကျဆင်းခဲ့သည်။
ရုရှားမှ ဥရောပနိုင်ငံများသို့ တင်ပို့မှုသည် တန်ဖိုးဒေါ်လာ ၅၂ ဒသမ ၂ ဘီလီယံရှိကာ ၁၆ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဥရောပနိုင်ငံများမှ တင်သွင်းမှုသည် ဒေါ်လာ ၆၄ ဒသမ ၅ ဘီလီယံရှိကာ ၃ ဒသမ ၃ ရာခိုင် နှုန်းကျဆင်းခဲ့သည်။
အာရှနိုင်ငံများသို့ တင်ပို့မှုသည် ဒေါ်လာ ၂၉၀ ဒသမ ၈ ဘီလီယံရှိကာ ၂ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းလာခဲ့ပြီး တင်သွင်းမှုသည် ဒေါ်လာ ၁၆၅ ဒသမ ၈ ဘီလီယံရှိကာ ၃ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းခဲ့သည်။
တစ်ချိန်တည်းတွင် ရုရှား၏အာဖရိကနိုင်ငံများသို့ တင်ပို့မှုမှာ ဒေါ်လာ ၁၉ ဒသမ ၆ ဘီလီယံ ရှိကာ ၁၃ ဒသမ ၂ ရာခိုင်နှုန်းကျဆင်းလာခဲ့ပြီး ယင်းနိုင်ငံများမှ တင်သွင်းမှုမှာ ဒေါ်လာ ၄ ဘီလီယံရှိကာ ၂၈ ဒသမ ၇ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။
မြောက်နှင့် တောင်အမေရိကနိုင်ငံများသို့ ရုရှားတင်ပို့မှုသည် ဒေါ်လာ ၁၀ ဒသမ ၉ ဘီလီယံရှိကာ ၁.၃ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ယင်းနိုင်ငံများမှ တင်သွင်းမှုသည် ဒေါ်လာ ၁၄ ဒသမ ၅ ဘီလီယံရှိကာ ၈ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။
ရုရှား၏အဓိကပို့ကုန်မှာ တွင်းထွက်ပစ္စည်း၊ သတ္တုနှင့် သတ္တုထုတ်ကုန်၊ စိုက်ပျိုးရေးထုတ်ကုန်များဖြစ်ပြီး အဓိကသွင်းကုန်မှာ စက်ယန္တရား၊ စက် ကိရိယာ၊ မော်တော်ယာဉ်များ၊ ဓာတုဗေဒစက်မှုလုပ်ငန်းသုံးထုတ်ကုန်များ၊ စိုက်ပျိုးရေးထုတ်ကုန်များဖြစ်သည်။
၂၀၂၄ ခုနှစ်တွင် ရုရှားနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုတွင် ပို့ကုန်ပမာဏသည် တန်ဖိုး အမေရိကန်ဒေါ်လာ ၄၃၃ ဒသမ ၉ ဘီလီယံရှိခဲ့ပြီး သွင်းကုန်သည် ဒေါ်လာ ၂၈၃ ဘီလီယံရှိခဲ့သဖြင့် ကုန်သွယ်မှုပိုငွေသည် ၁၅၀ ဒသမ ၉ ဘီလီယံအထိရရှိခဲ့ကြောင်း သိရသည်။
FCS ၏အချက်အလက်များအရ ရုရှားနိုင်ငံ၏ ဥရောပနိုင်ငံများနှင့် ကုန်သွယ်မှုပမာဏသည် သိသာစွာကျဆင်းလျက်ရှိပြီး အာရှနိုင်ငံများနှင့် ကုန်သွယ်မှုသည် တိုးတက်လျက်ရှိကြောင်း သိရသည်။
Source : https://www.interfax.ru/business/1067747
(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)