သမ္မတထရမ့်အနေဖြင့် ၁၉၇၇ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အရေးပေါ်စီးပွားရေးအခွင့်အာဏာအက်ဥပဒေ(International Emergency Economic Powers Act, IEEPA)အရ သွင်းကုန်ခွန်ချမှတ်ခြင်းသည် သမ္မတ၏အခွင့်အာဏာကို ကျော်လွန်အသုံးပြုခြင်းဖြစ်ကြောင်း အမေရိကန်တရားရုံးချုပ်(Supreme Court of the United States) က ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်တွင်ဆုံးဖြတ်ခဲ့ပါသည်။ အဆိုပါတရားရုံး၏ မဲအများစုဖြင့်ဆုံးဖြတ်ချက်(6:3 decision)အရ IEEPA အောက်တွင် ချမှတ်ထားသည့် သွင်းကုန်ခွန်များအပေါ် သက်ရောက်မှုရှိမည်ဖြစ်ပြီး သမ္မတထရမ့်က အဆိုပါဆုံးဖြတ်ချက်အပေါ် “အလွန်စိတ်ပျက်ကြောင်းနှင့် တရားရုံးချုပ်တရားသူကြီးများသည် အရှက်ရဖွယ်ဖြစ်ကြောင်း”နှင့် “၂၀၂၆ ခုနှစ်၊ဖေဖော်ဝါရီလ ၂၀ ရက်တွင် နိုင်ငံအားလုံးအပေါ် သွင်းကုန် ခွန်(၁၀)ရာခိုင်နှုန်းကို ချမှတ်သွားမည်ဖြစ်ကြောင်း” တုံ့ပြန်ပြောကြားခဲ့ပါသည်။
အမေရိကန်သမ္မတ၏သွင်းကုန်ခွန်ချမှတ်ခဲ့မှုအပေါ် အသေးစားလုပ်ငန်းများနှင့်ပြည်နယ်အချို့က တရားစွဲဆိုခဲ့ခြင်းနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးတရားရုံး(Court of International Trade)တွင် တစ်ကြိမ်၊ ဖက်ဒရယ်အယူခံတရားရုံး(Federal Appeals Court)တွင် တစ်ကြိမ်၊ (၂)ကြိမ်အနိုင်ရရှိခဲ့ပြီး အယူခံတရားရုံးဆုံးဖြတ်ချက်အပေါ် အမေရိကန်အစိုးရက တရားရုံးချုပ်တွင် အယူခံဝင်ခဲ့ရာ အဆိုပါအမှုနှင့်ပတ်သက်၍ တရားရုံးချုပ်က ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်ပါသည်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်တွင်ပြုလုပ်ခဲ့သည့် သမ္မတထရမ့်၏ သတင်းစာရှင်းလင်းပွဲ၌ သမ္မတထရမ့်က ၎င်းအနေဖြင့် သွင်းကုန်ခွန်ချမှတ်ရန် အခြားနည်းလမ်းများကို အသုံးပြုနိုင်ပြီး ယင်းသို့အသုံးပြုနိုင်သည့်ဥပဒေများတွင် ၁၉၆၂ ခုနှစ်၊ ကုန်သွယ်ရေးတိုးချဲ့မှုအက်ဥပဒေ (Trade Expansion Act of 1962)ပုဒ်မ ၂၃၂(Section 232)၊၁၉၇၄ခုနှစ်၊ ကုန်သွယ်ရေးအက်ဥပဒေ(Trade Act of 1974) ပုဒ်မ ၁၂၂၊ ပုဒ်မ ၃၀၁ နှင့် ပုဒ်မ ၃၃၈(Section 122, Section 301 and Section 338)တို့ပါဝင်ကြောင်းနှင့် နိုင်ငံအားလုံးအပေါ် ကုန်သွယ်ရေးအက်ဥပဒေ(Trade Act of 1974) ပုဒ်မ ၁၂၂၊ (Section 122)အရ သွင်းကုန်ခွန်(၁၀)ရာခိုင်နှုန်းကိုချမှတ်သည့်အမိန့်အား ဖေဖော်ဝါရီလ ၂၀ ရက်တွင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်းနှင့် အမျိုးသားလုံခြုံရေးအကျိုးစီးပွားကို ကာကွယ်ရန်အတွက် ပုဒ်မ(၃၀၁)အရ စုံစမ်းစစ်ဆေးမှုများပြုလုပ်သွားမည်ဟု ပြောကြားခဲ့ပါသည်။
ပုဒ်မ ၁၂၂ အရ သွင်းကုန်ခွန်များကို ရက်ပေါင်း (၁၅၀)သာချမှတ်နိုင်မည်ဖြစ်ပြီး လွှတ်တော်ခွင့်ပြုချက်ဖြင့် ထပ်မံသက်တမ်းတိုးမြှင့်နိုင်မည်ဖြစ်ပါကြောင်း၊ ပုဒ်မ ၂၃၂(Section 232)အရ သွင်းကုန်ခွန်ချမှတ်ရန် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးအနေဖြင့် စုံစမ်းစစ်ဆေးမှုများကို ရက်ပေါင်း (၂၇၀)အတွင်း သမ္မတထံတင်ပြ၍ စုံစမ်းစစ်ဆေးမှုတွေ့ရှိချက်များသည် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နိုင်ကြောင်းတွေ့ရှိရပါက သမ္မတအနေဖြင့် သွင်းကုန်ခွန်ချမှတ်နိုင်မည်ဖြစ်ပါကြောင်း သိရှိရပါသည်။ ပေးဆောင်ထားပြီးသည့်သွင်းကုန်ခွန်များနှင့်ပတ်သက်၍ ပြန်အမ်းငွေပေးရန်ကိစ္စသည် တရားရုံးက ဆုံးဖြတ်မည်ဟု သမ္မတထရမ့်က ပြောကြားခဲ့ပြီး အပြန်အလှန်သွင်းကုန်ခွန်နှင့်ပတ်သက်၍ ကုန်သွယ်ဖက်နိုင်ငံများနှင့်ချုပ်ဆိုထားသည့် စာချုပ်များမှာ ဆက်လက်အသက်ဝင်နေမည်ဖြစ် ကြောင်း သိရှိရပါသည်။
သမ္မတထရမ့်က မြန်မာနိုင်ငံအပါအဝင် ကုန်သွယ်ဖက်နိုင်များအပေါ်ချမှတ်သည့် အပြန်အလှန်သွင်းကုန်ခွန်သည် အရေးပေါ်စီးပွားရေးအခွင့် အာဏာအက်ဥပဒေ(International Emergency Economic Powers Act, IEEPA)အရ ချမှတ်ထားခြင်းဖြစ်ပါသည်။
(ခင်ဆွေဦး၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)