ထိလွယ်ရှလွယ်ဖြစ်သည့် ကမ္ဘာ့စီးပွားရေးပြန်လည်ကောင်းမွန်လာမှုကြားတွင် အာရှ-ပစိဖိတ် ဒေသတွင်းပိုမိုခိုင်မာသောစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသည် ၂၀၂၆ ခုနှစ်တွင် ဈေးကွက်များကို ဖွင့်လှစ်ပေးခြင်း၊ ထောက်ပံ့ရေးကွင်းဆက်များကို တည်ငြိမ်စေခြင်းနှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ခြင်းဖြင့် စီးပွားရေးတိုးတက်မှုကို ထိန်းသိမ်းရန်ကူညီပေးနိုင်ကြောင်း ဈေးကွက်စောင့်ကြည့်သူများနှင့် တရုတ်ပို့ကုန်လုပ်ငန်းရှင်များက ပြောကြားခဲ့ကြောင်း သိရသည်။
ဟောင်ကောင်(ရှန်ကျန်း)တရုတ်တက္ကသိုလ်မှ School of Public Policy ၏ပါမောက္ခချုပ် Zheng Yongnian က ဖေဖော်ဝါရီလအစောပိုင်းက တရုတ်နိုင်ငံ၊ကွမ်တုန်းပြည်နယ်၊ကွမ်ကျိုးမြို့တွင် ကျင်းပခဲ့သော APEC ၏အကြီးတန်းအရာရှိများအစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများအတွင်း မိန့်ခွန်းပြောကြားရာတွင် အာရှ-ပစိဖိတ်ဒေသရှိ ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများသည် ဖွံ့ဖြိုးတိုးတက်မှု၏ ဘုံစိန်ခေါ်မှုများဖြစ်သည့် ပထဝီနိုင်ငံရေးတင်းမာမှုများနှင့် ရင်ဆိုင်နေရကြောင်း၊ စီးပွား ရေးနှင့်နည်းပညာအမျိုးသားရေးဝါဒများသည် နယ်စပ်ဖြတ်ကျော်အရင်း အနှီး၊ ကုန်ပစ္စည်းနှင့် ကျွမ်းကျင်မှုများစီးဆင်းမှုကို ပြန်လည်ပုံဖော်လျက်ရှိကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
ကမ္ဘာ့စီးပွားရေးတွင် အစိတ်စိတ်အမွှာမွှာကွဲပြားလျက်ရှိခြင်းက တိုးတက်မှုလမ်းကြောင်းများကို ပိုမိုရှုပ်ထွေးလာစေပြီး နိုင်ငံရေးနှင့် မဟာဗျူဟာဆိုင်ရာထည့်သွင်းစဉ်းစားမှုများက ကုန်သွယ်ရေး၊ ရင်းနှီး မြှုပ်နှံမှုနှင့် ဆန်းသစ်တီထွင်မှုတို့ကို ပိုမိုလွှမ်းမိုးလာကြောင်း၊ ထိုကဲ့သို့သောပတ်ဝန်းကျင်တွင် ပွင့်လင်းမြင်သာမှုသည် ပို၍ပင်အရေးကြီးလာပြီး စီးပွားရေးတိုးတက်မှုသည် ထုတ်လုပ်မှုစွမ်းအားစုများ၏ လွတ်လပ်စွာရွေ့လျားမှုအပေါ်မူတည်ကြောင်း Zheng က ပြောကြားခဲ့သည်ဟု သိရသည်။
(၃၃)ကြိမ်မြောက် APEC စီးပွားရေးခေါင်းဆောင်များအစည်းအဝေးကို လာမည့်နိုဝင်ဘာလတွင် ကွမ်တုန်းပြည်နယ်၊ ရှန်ကျန်းမြို့တွင်ကျင်းပမည်ဖြစ်သောကြောင့် အကြီးတန်းအရာရှိများအစည်းအဝေးများကို မေလတွင် ရှန်ဟိုင်းမြို့နှင့် သြဂုတ်လတွင် လျောင်နင်ပြည်နယ်၊ ဒါလျန်မြို့တို့တွင်ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန် သော သတင်းအချက်အလက်များအရ သိရှိရသည်။
မေလမှစတင်၍ ကုန်စည်ကုန်သွယ်ရေး၊ ဝန်ဆောင်မှုကုန်သွယ်ရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ သယ်ယူပို့ဆောင်ရေး၊ လူ့စွမ်းအားအရင်းအမြစ်၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၊ စွမ်းအင်၊ စားနပ် ရိက္ခာဖူလုံရေးနှင့် ဘဏ္ဍာရေးစသည့် နယ်ပယ်များကို လွှမ်းခြုံထားသည့် ကဏ္ဍအလိုက် ဝန်ကြီးအဆင့်အစည်းအဝေး (သို့မဟုတ်) အဆင့်မြင့်ဆွေးနွေးပွဲ(၁၀)ခုကို နေရာမျိုးစုံတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံသည် စံနှုန်းမြင့်မားသော နိုင်ငံတကာကုန်သွယ်ရေးနှင့် စီးပွားရေးစည်းမျဉ်းများနှင့် လိုက်လျောညီထွေဆောင်ရွက်နိုင်ရန် APEC ကို အဓိကပလက်ဖောင်းတစ်ခုအဖြစ် ထားရှိကြောင်းနှင့် ဒေသတွင်းနှင့် ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှစ်ခုလုံးကို ထိန်းသိမ်းရန်အတွက် APEC ၏ ပွင့်လင်းသော စီးပွားရေးမူဘောင်သည် မရှိမဖြစ်လိုအပ်ကြောင်း အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင် အဖွဲ့၏ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဌာနမှ ညွှန်ကြားရေးမှူး Guo Xueyan က ပြောကြားခဲ့သည်ဟု သိရသည်။
အကောက်ခွန်အချက်အလက်များအရ ၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံ၏ အခြား APEC နိုင်ငံများနှင့် စုစုပေါင်းကုန်သွယ်မှုမှာ ယွမ်(၂၆.၂၉)ထရီလီယံ(အမေရိကန်ဒေါ်လာ ၃.၈ ထရီလီယံ)အထိရောက်ရှိခဲ့ပြီး တရုတ်နိုင်ငံ၏စုစုပေါင်းနိုင်ငံခြားကုန်သွယ်မှု၏ (၅၇.၈၂)ရာခိုင်နှုန်းရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ပီရူးနှင့် မက္ကဆီကိုနိုင်ငံကဲ့သို့သော စီးပွားရေးဖွံ့ဖြိုးဆဲနိုင်ငံများနှင့် တရုတ်နိုင်ငံ၏ ကုန်သွယ်မှု သည် ခိုင်မာသောအရှိန်အဟုန်ကို ထိန်းသိမ်းထားနိုင်ခဲ့ပြီး ကုန်းလမ်းနှင့် လေကြောင်းကုန်စည်ပို့ဆောင်ရေးတွင် လျင်မြန်စွာတိုးတက်လာခြင်းသည် ရေကြောင်းသယ်ယူပို့ဆောင်ရေးတစ်ခုတည်းအပေါ် မှီခိုမှုကို လျှော့ချပေးခဲ့ကြောင်း၊ GAC ၏အဆိုအရ အာဆီယံ၏ ရထားလမ်းကွန်ရက်များနှင့်ပိုမိုနီးကပ်စွာချိတ်ဆက်မှုနှင့် ပိုမိုခံနိုင်ရည်ရှိသော ဒေသတွင်းထောက်ပံ့ပို့ဆောင်ရေးစနစ်တစ်ခုဖြစ်ပေါ်လာမှုနှင့်အတူ ထောက်ပံ့ရေးကွင်းဆက်ချိတ်ဆက်မှုတွင် ပိုမိုတိုးတက်လာကြောင်း သိရသည်။
တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံသည် ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့နှင့်အဆင့်မြင့်ထုတ်လုပ်မှုထောက်ပံ့ရေးကွင်းဆက်များ တည် ဆောက်ခြင်း၊ အရှေ့တောင်အာရှနှင့်အခြေခံအဆောက်အဦပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ခြင်းနှင့် လက်တင်အမေရိကနှင့် အရင်းအမြစ်နှင့် စွမ်းအင်တန်ဖိုး ကွင်းဆက်များပေါင်းစည်းမှုကို အားကောင်းစေခြင်းတို့သည် အပြန်အလှန်အကျိုးရှိသော ဒေသတွင်းစက်မှုလုပ်ငန်းဂေဟစနစ်ကို မြှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။
လျှပ်စစ်ပန်ကာများထုတ်လုပ်သည့် နင်ဘိုမြို့အခြေစိုက် Ningbo Cetus Electric Appliance Co.,Ltd သည် ၂၀၂၅ ခုနှစ်တွင် APEC အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သည့် တောင်ကိုရီးယားသို့ ကုန်ပစ္စည်းတင်ပို့မှုမှာ ယွမ် (၇၀)သန်းအထိရောက်ရှိခဲ့ပြီး ယခင်နှစ်ထက် (၄၅)ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း၊ နင်ဘိုအကောက်ခွန်ဌာန၏စာရင်းအင်းများအရ ယခုနှစ်၊ ဖေဖော်ဝါရီလ အစောပိုင်းတွင် အဆိုပါကုမ္ပဏီသည် တောင်ကိုရီးယားဖောက်သည်များထံ ကွန်တိန်နာ(၁၀)လုံးတင်ပို့ခဲ့ကြောင်း သိရသည်။
ယခုနှစ်တွင် အခြား APEC အဖွဲ့ဝင်နိုင်ငံများဆီသို့ အဆင့်မြင့်လျှပ်စစ်ပန်ကာများတင်ပို့မှုကို ထပ်မံတိုးချဲ့သွားမည်ဖြစ်ကြောင်း ကုမ္ပဏီ၏ နိုင်ငံခြားကုန်သွယ်ရေးဌာန ဒါရိုက်တာ Zhu Dongri က ပြောကြားခဲ့ပြီး လက်ရှိတွင် အော်ဒါမှာယူမှုများအရ ၎င်းတို့ကုမ္ပဏီသည် ၂၀၂၆ ခုနှစ်တွင် တောင်ကိုရီးယားသို့ အခုရေ(၁.၂)သန်းကျော်တင်ပိုမှုနှင့်အတူ ပို့ကုန်ဆက်လက်တိုးတက်နေမည်ဟု မျှော်လင့်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်ဟု သိရသည်။
Guangzhou Zuofun Cosmetics Co., Ltd သည် ဇန်နဝါရီလတွင် အခြား APEC နိုင်ငံများ(အဓိကအားဖြင့် အင်ဒိုနီးရှားနှင့် မလေးရှား)သို့ ရေမွှေး၊ ခရင်မ်နှင့် facial masks များအပါအဝင် ယွမ် (၁.၁၅)သန်းကျော်တန်ဖိုးရှိ အလှကုန်များကို တင်ပို့ခဲ့ပြီး ယခင်နှစ်ထက်(၂၀၀) ရာခိုင်နှုန်းနီးပါးမြင့်တက်လာကြောင်း ကွမ်ကျိုးအကောက်ခွန်ဌာနက ပြောကြားခဲ့သည်ဟု သိရသည်။
အရှေ့တောင်အာရှတစ်ဝန်းတွင် စားသုံးသူဝယ်လိုအားမြင့်တက်လာခြင်းနှင့်လက်လီရောင်းဝယ်ရေးလမ်းကြောင်းများတိုးချဲ့လာခြင်းကြောင့် ယခုနှစ် APEC ဈေးကွက်များတွင် ကုမ္ပဏီအနေဖြင့် ခိုင်မာသော အလား အလာကိုမြင်တွေ့နေကြောင်း အဆိုပါကုမ္ပဏီ၏ ဘဏ္ဍာရေးဆိုင်ရာအမှုဆောင်အရာရှိချုပ် Wu Shuang က ပြောကြားခဲ့ကြောင်း သိရသည်။
Source: https://www.chinadaily.com.cn/a/202602/13/WS698e7b89a310d6866eb39128.html
(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)