ယူအေအီးနိုင်ငံအခြေစိုက် DP World ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် Dry docks World ဆိပ်ကမ်းသင်္ဘောကျင်းကုမ္ပဏီသည် ရေကြောင်းဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေးစင်တာ(MERC)နှင့် ပူးပေါင်းခဲ့ပြီး ရေကြောင်းကဏ္ဍတစ်လျှောက် ကာဗွန်ထုတ်လွှတ်မှုလျှော့ချနိုင်ရန်အတွက် လက်တွေ့ကျသော ဖြေရှင်းနည်းများဖြင့် တီထွင်ဆောင်ရွက်လျက်ရှိပြီး ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို သန်မာလာစေခဲ့ပါသည်။
အဆိုပါအေသင်အခြေစိုက် အကျိုးအမြတ်မယူသော အဖွဲ့အစည်းမှ ကာဗွန်လျှော့ချရေးသင်္ဘောခရီးစဉ်သို့ကူးပြောင်းခြင်းလုပ်ငန်းစဉ်များကို ပံ့ပိုးပေးရန်အတွက် နည်းပညာကျွမ်းကျင်မှု၊ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ထိုးထွင်းသိမြင်မှုနှင့်စက်မှုလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုတို့ကို ပေါင်းစပ် ဆောင်ရွက်ခြင်းအားဖြင့် ကာဗွန်လျှော့ချရေးကို အရှိန်မြှင့်တင်နိုင်ရန် အာရုံစိုက်ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ MERC အား Lloyd’s Register Maritime Decarbonisation Hub မှ ဦးဆောင်လျက်ရှိသည့် သင်္ဘောပိုင်ရှင်များနှင့်အတူ ပူးတွဲတည်ထောင်ခဲ့ပြီး နည်းပညာနှင့် ဝန်ဆောင်မှုပညာရှင်အဖွဲ့အစည်းနှင့် ရေကြောင်းခွဲခြားရေးအသင်းဖြစ်သည့် Lloyd’s Register မှ ပံ့ပိုးမှုများကို ပေးအပ်ခဲ့ပါသည်။
MERC နှင့်ပူးပေါင်းခြင်းဖြင့် Drydocks World သည် ရှုပ်ထွေးသော သင်္ဘောပြုပြင်ခြင်းနှင့် ပြန်လည်တပ်ဆင်ခြင်း စီမံကိန်းများတွင် ဆယ်စုနှစ်များစွာအတွေ့အကြုံရှိသည့်အပြင် လုပ်ငန်းလည်ပတ်လျက်ရှိသော သင်္ဘောများအား အဆင့်မြင့်နည်းပညာများဖြင့် ပေါင်းစပ်ရာတွင် သက်သေပြနိုင်သော မှတ်တမ်းတစ်ခုကိုလည်း ယူဆောင်လာခဲ့ပါသည်။ သင်္ဘောကျင်းများသည် စွမ်းအင်ထိရောက်မှုစနစ်များကိုဖြန့်ကျက်ရာ တွင် အရေးပါသောအခန်းကဏ္ဍမှပါဝင်လျက်ရှိပြီး ကုမ္ပဏီ၏ပါဝင်ပတ်သက်မှုသည် မတူညီသော သင်္ဘောအမျိုးအစားများတွင် နည်းပညာအသစ်များကို မည်သို့သောအကဲဖြတ်၊ ဦးစားပေးနှင့် တပ်ဆင်မှုပုံစံများဖြင့် ပုံဖော်သွားနိုင်ရန် မျှော်မှန်းထားပါသည်။
MERC ၏ ဦးဆောင်ညွှန်ကြားရေးမှူး Nikos Kakalis က Drydocks World ကိုထပ်မံတိုးချဲ့ခြင်းသည် စင်တာ၏နည်းပညာနှင့် ခွဲခြမ်းစိတ်ဖြာမှုလုပ်ငန်းများအား ဖြည့်စွက်ပေးသည့် မရှိမဖြစ်လိုအပ်သော အသုံးချအင်ဂျင်နီယာအတွေ့အကြုံများကိုပေးစွမ်းပြီး ပေါ်ပေါက်လာသော နည်းပညာများကို ဘေးကင်းထိရောက်စွာနှင့် စီးပွားဖြစ် ဖြစ်နိုင်ခြေရှိသောနည်းလမ်းများဖြင့် တပ်ဆင်ရာတွင် သေချာမှုရှိစေရန် ကူညီဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
Drydocks World ၏အမှုဆောင်အရာရှိချုပ် Captain Rado Antolovic, PhD က ကုမ္ပဏီသည် လက်ရှိကမ္ဘာလုံးဆိုင်ရာ ရေယာဉ်စုများအား ကာဗွန်လျှော့ချခြင်း၏ စိန်ခေါ်မှုများကို ဖြေရှင်းရန် လက်တွေ့ကျပြီး အထောက်အထားအခြေခံသော အသိအမြင်များဖြင့် ပံ့ပိုးပေးသွားရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါသည်။
Drydocks World သည် ရေအားစွမ်းအင်ထုတ်လုပ်မှု၊ လေအားအကူ အညီဖြင့် မောင်းနှင်မှု၊ အရန်စွမ်းအင်အစားထိုးမှုများနှင့် အချက်အလက်အခြေပြု၍ အကောင်းဆုံးဖြစ်စေရန် ဆောင်ရွက်ခြင်းဆိုင်ရာ လေ့လာမှုများစသည်တို့အပါအဝင် အရှိန်မြှင့်သုတေသနကာလအတွင်း MERC နှင့် ပူးပေါင်းခဲ့ပါသည်။ တည်ထောင်သူနှင့် မိတ်ဖက်အဖွဲ့အစည်းများတွင် Capital Group၊ Navios Maritime Partners၊ Neda Maritime Agency၊ Star Bulk နှင့် Thenamaris(Ships Management) Inc. စသည့်အဖွဲ့အစည်းများတို့ ပါဝင်ကြောင်း သတင်းဖော်ပြထားပါသည်။
Source : Emirates News Agency
(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)