အိန္ဒိယနိုင်ငံ၏ အီသနောရောစပ်ခြင်းအစီအစဉ်တွင် ပြောင်းသီးနှံ၏ အခန်းကဏ္ဍသည် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်(နိုဝင်ဘာလမှ အောက်တိုဘာ လအထိ) အီသနောထောက်ပံ့မှုနှစ်(Ethanol Supply Year-ESY) အတွင်း သိသိသာသာအားကောင်းလာခဲ့ပြီး ယင်းသည် ကုန်ကြမ်းအသုံးပြုမှုပြောင်းလဲလာခြင်းကို ရှင်းလင်းစွာထင်ဟပ်စေကြောင်း သိရသည်။
အီသနော၊ ဇီဝစွမ်းအင်နှင့် အရက်ထုတ်လုပ်သူများ၏ ကုန်သွယ်ရေးအဖွဲ့ဖြစ်သော အိန္ဒိယနိုင်ငံလုံးဆိုင်ရာ အရက်ချက်လုပ်သူများအသင်း (All India Distillers Association-AIDA)မှ မျှဝေထားသော နောက်ဆုံးအချက်အလက်များအရ နိုဝင်ဘာလမှ အောက်တိုဘာလအတွင်း အီသနောစုစုပေါင်းထုတ်လုပ်မှု၏ ထက်ဝက်နီးပါး(ခန့်မှန်းခြေ ၄၈ ရာခိုင်နှုန်း) မှာ ပြောင်းသီးနှံကို အဓိကကုန်ကြမ်းအဖြစ် အသုံးပြုခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခင်ထောက်ပံ့မှုနှစ်တွင် ၄၂ ဒသမ ၆ ရာခိုင်နှုန်းရှိခဲ့ရာမှ သိသိ သာသာတိုးတက်လာခြင်းဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ပြောင်းသီးနှံသည် အစဉ်အလာအရ အသုံးပြုခဲ့သည့် ကြံအခြေခံကုန်ကြမ်းများကို ကျော်လွန်၍ နိုင်ငံအတွင်း အီသနောထုတ်လုပ်မှုလုပ်ငန်းစဉ်အတွက် အဓိကကုန်ကြမ်းဖြစ်လာခဲ့ကြောင်းသိရသည်။ “ယခုနှစ် အီသနောခွဲတမ်းစုစုပေါင်းအနက် ပြောင်းအခြေခံထုတ်လုပ်မှုသည် အစိုးရ၏ အားပေးသော မူဝါဒများနှင့် ဝယ်ယူသည့် ဈေးနှုန်းမြင့်တက်လာမှု(ပြောင်းအခြေခံအီသနောတစ်လီတာလျှင် ရူပီး ၇၁ ဒသမ ၈၆)တို့ကြောင့် မကြုံစဖူးတိုးတက်လာခဲ့ပါတယ်” ဟု AIDA က ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့သည်။ ပျက်စီးသွားသောအစား အစာကောက်ပဲသီးနှံများနှင့်ပိုလျှံသော ကောက်ပဲသီးနှံများအပါအဝင် အခြားသော အစေ့အဆန်များ၊ ကြံရည်၊ B-heavy တင်လဲရည်နှင့် C-heavy တင်လဲရည်တို့သည်လည်း ကုန်ကြမ်းအဖြစ် မျှတစွာ ပါဝင်လျက်ရှိကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ၏ အီသနောထောက်ပံ့မှုအစီအစဉ်သည် အားကောင်းသော အရှိန်အဟုန်ဖြင့် ဆက်လက်ဖြစ်ပေါ်နေပြီး စာချုပ်ချုပ်ဆိုထားသည့် ပမာဏလီတာ ၁,၁၆၃ ကုဋေတွင် စုစုပေါင်းထောက်ပံ့မှုမှာ လီတာ ၁,၀၃၉ ကုဋေခန့်အထိရှိခဲ့ရာ ၈၉ ရာခိုင်နှုန်းအထိပြီးမြောက်အောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း တွေ့ရှိရသည်။ ပြောင်းနှင့် ဆန်တို့အပါအဝင် အစေ့အဆန်အခြေခံကုန်ကြမ်းစုစုပေါင်းမှာ လီတာ ၇၁၈ ကုဋေရှိပြီး ထောက်ပံ့ပေးခဲ့သည့် အီသနောပမာဏ၏ ၆၉ ရာခိုင်နှုန်းနီးပါးအထိ ပါဝင်ခဲ့ရာ ယင်းသည် ယခင်နှစ်က ၅၉ ရာခိုင်နှုန်းရှိခဲ့ရာမှ တိုးတက်လာခြင်းဖြစ်ကြောင်းသိရသည်။ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်း ကြံအခြေခံကုန်ကြမ်းများမှာ လီတာ ၃၂၁ ကုဋေ(သို့မဟုတ် ၃၁ ရာခိုင်နှုန်း)ရှိခဲ့ပြီး ယခင်နှစ်က ၄၁ ရာခိုင်နှုန်းရှိခဲ့ရာမှ လျော့ကျသွားခဲ့ကြောင်း သိရသည်။
Source: The Hindu Businessline, Maize now accounts for close to half of ethanol produced in India, February 19, 2026.
(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)