International News

အိန္ဒိယနိုင်ငံက ၂၀၂၆ ခုနှစ် AI အကျိုးသက်ရောက်မှုထိပ်သီးညီလာခံတွင် "MANAV" Vision ကို ထုတ်ဖော်ပြသခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်များ စုံညီစွာတက်ရောက်ခဲ့ကြ

Last Updated:

၂၀၂၆ ခုနှစ် အိန္ဒိယ AI အကျိုးသက်ရောက်မှုထိပ်သီးညီလာခံ(India AI Impact Summit 2026)၏ ခေါင်းဆောင်များစုံညီတက်ရောက်သော ဖွင့်ပွဲအခမ်းအနားတွင် ဝန်ကြီးချုပ် Narendra Modi နှင့် ကမ္ဘာလုံးဆိုင်ရာ နည်းပညာထိပ်သီးလုပ်ငန်းရှင်ကြီးများသည် အိန္ဒိယနိုင်ငံအား နည်းပညာသုံးစွဲသူအဆင့်မှ ဉာဏ်ရည်တု(AI)နည်းပညာ၏ ကမ္ဘာလုံးဆိုင်ရာပုံဖော်ဗိသုကာ(Architect)ဖြစ်လာမည့် အနာဂတ်အခြေအနေကို အလေးပေးပြောကြားခဲ့ကြောင်း သိရသည်။

နယူးဒေလီမြို့တော် Bharat Mandapam ၌ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် စတင်ကျင်းပခဲ့သည့် ခြောက်ရက်ကြာထိပ်သီးညီလာခံသို့ လာရောက်သူအလွန်အမင်းများပြားခဲ့သဖြင့် မှတ်ပုံတင်ထားသည့် ဧည့်သည် ၃၀၀,၀၀၀ ကျော်အား အဆင်ပြေချောမွေ့စွာ လက်ခံနိုင်ရန်အတွက် အစိုးရက အဆိုပါညီလာခံ၏ ပိတ်ပွဲရက်ကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ စနေနေ့၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း တွေ့ရှိရသည်။

ယခုလ ၁၉ ရက် ကြာသပတေးနေ့တွင် ပြုလုပ်သည့် အစည်းအဝေး၌ ဝန်ကြီးချုပ် Modi က နည်းပညာကို တန်းတူညီမျှမှုရှိစေရန် ရည်ရွယ်၍ ရေးဆွဲထားသော "MANAV Vision"(လူသားဗဟိုပြု AI နည်းပညာ)မူဘောင်ကို ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံသည် AI နည်းပညာနှင့်ပတ်သက်၍ ကြောက်ရွံ့ခြင်းမရှိဘဲ အနာဂတ်အလား အလာများကိုသာရှုမြင်ကြောင်း ၎င်းက အခိုင်အမာပြောကြားခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှုစနစ်၏ ဗဟိုချက်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများ (Global South)၏ဦးစားပေးကဏ္ဍများကို ထည့်သွင်းရမည်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

အဆိုပါထိပ်သီးညီလာခံတွင် ပုဂ္ဂလိကကဏ္ဍမှ ပြုလုပ်မည့် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများကို တွေ့မြင်ခဲ့ရကြောင်း သိရသည်။ Reliance Industries ၏ဥက္ကဋ္ဌ Mukesh Ambani က "Sovereign Compute Infrastructure" တစ်ရပ်တည်ဆောက်ရန်အတွက် လာမည့်ခုနစ်နှစ်အတွင်း ရူပီး ၁၀ သိန်း ကုဋေအထိ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ တစ်ချိန်တည်းမှာပင် Tata Group နှင့် OpenAI တို့သည် AI ဆိုင်ရာ ဆန်းသစ်တီထွင်မှုများမြှင့်တင်ရန်အတွက် အရေးပါသော ပူးပေါင်းဆောင်ရွက်မှုကို ကြေညာခဲ့ပြီး OpenAI ၏ အမှုဆောင်အရာရှိချုပ် Sam Altman က အိန္ဒိယနိုင်ငံသည် နည်းပညာဖွံ့ဖြိုးတိုးတက်မှုအပေါ် "ကြီးမားသောလွှမ်းမိုးမှု"ပေးနိုင်သည့် အဓိကမောင်းနှင်အားဖြစ်ကြောင်း ပြောကြားခဲ့သည်။

Meta ၏ AI ဆိုင်ရာအရာရှိချုပ် Alexandr Wang က အိန္ဒိယနိုင်ငံသည် "personal superintelligence" (ကိုယ်ပိုင်အဆင့်မြင့်စွမ်းရည်ရှိ ဉာဏ်ရည်တု)အတွက် စမ်းသပ်ရာနေရာဖြစ်ကြောင်းဖော်ပြခဲ့ပြီး လူသား အရင်းအမြစ်၊ စွမ်းအင်၊ အချက်အလက်နှင့်တွက်ချက်မှုစနစ်(Compute) ဟူသည့် အခြေခံအချက်လေးချက်အပေါ် အာရုံစိုက်ရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

ပြင်သစ်သမ္မတ Emmanuel Macron က AI နည်းပညာသည် "မဟာ ဗျူဟာမြောက် ယှဉ်ပြိုင်မှု" နယ်ပယ်တစ်ခုဖြစ်ကြောင်းဖော်ပြခဲ့ပြီး Bill Gates မှာမူ ၎င်း၏ပုဂ္ဂိုလ်ရေးဆိုင်ရာ အငြင်းပွားမှုများကြောင့် အဓိကမိန့်ခွန်းပြောကြားမည့် အစီအစဉ်ကို ပျက်ကွက်ခဲ့ကြောင်းသိရသည်။ အဆိုပါထိပ်သီးညီလာခံ၏ နောက်ဆုံးရက်ဖြစ်သော ယခုလ ၂၁ ရက်နေ့တွင် "ခေါင်းဆောင်များ၏ ကြေညာချက်"(Leaders' Declaration)ကိုအတည်ပြုရန် မျှော်မှန်းထားပြီး ယင်းသည် အားလုံးပါဝင်နိုင်သော AI အုပ်ချုပ်မှုစနစ်အတွက် ကမ္ဘာလုံးဆိုင်ရာ စံနှုန်းအသစ်တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

Ref:         1) The Hindu, India AI Summit 2026 Day 4 Highlights: Switzerland looks forward to hosting 2027 AI Summit in Geneva, says President Parmelin, February 20, 2026.

               2) Times of India, India AI Impact Summit 2026: How to register online, key attendees, why to attend and other key information - Times of India, February 17, 2026.

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News