ထိုင်းဆန်ပို့ကုန်များတိုးမြှင့်ရန်နှင့် အမှာစာ ဘတ် ၂ ဘီလီယံကျော်ရရှိရန်ရည်ရွယ်၍ ထိုင်းဆန်ဆွေးနွေးပွဲကို မေလနောက်ဆုံးပတ်တွင် ကျင်း ပသွားရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
ကမ္ဘာ့ဆန်ဈေးကွက်တွင် ဈေးကွက်မိတ်ဆက်ရန်၊ ဆန်ပို့ကုန်တိုးမြှင့်ရန်နှင့် ဖွံ့ဖြိုးတိုးတက်မှုကို စောင့်ကြည့်ရန် နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာနကို ဝန်ကြီးက ညွှန်ကြားထားပါကြောင်း၊ ဆွေးနွေးပွဲကို မေလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံပေါင်းစုံမှ ဆန်ဝယ်ယူသူများနှင့် သွင်းကုန်လုပ်ငန်းရှင်များ၊ တောင်အမေရိက၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်းမှ ပို့ကုန်လုပ်ငန်းရှင်အသစ်များနှင့် ထိုင်းတောင်သူများကို ဖိတ်ကြားသွားမည်ဖြစ်ကြောင်း၊ဆွေးနွေးပွဲသည် ကမ္ဘာ့ဆန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုအလားအလာများနှင့် လက်ရှိအခြေ အနေများကို အမြင်မျှဝေခြင်းနှင့် ချိတ်ဆက်မှုအခွင့်အလမ်းများရရှိစေမည်ဖြစ်ကြောင်း၊ ထို့ပြင် ထိုင်းအစိုးရနှင့် ပုဂ္ဂလိကဆန်တင်ပို့သူများကို ထိုင်းကုန်သွယ်ရေးမိတ်ဖက်များထံမှ သွင်းကုန်လုပ်ငန်းရှင်များနှင့် ချိတ်ဆက်မှုရရှိစေမည်ဖြစ်ပြီး သဘောတူညီချက်များ ထိရောက်ရှိစေမည့် အလားအလာများရှိပါကြောင်း ဝန်ကြီး H.E Mr. Pichai Nariptha-phan က ပြောကြားခဲ့သည်။
ဆွေးနွေးပွဲသည် ဆန်အမှာစာတန်ချိန် ၁၀၀,၀၀၀ အနည်းဆုံးရရှိရန် ခန့်မှန်းထားပြီး တန်ဖိုးအားဖြင့် ဘတ် ၂ ဘီလီယံရရှိရန် ခန့်မှန်းထားပါကြောင်း၊ ပို့ကုန်များသည် ထိုင်းဆန်ပို့ကုန်များအတွက် ဝယ်လိုအား ထိန်းထားရန်လိုအပ်ပြီး တောင်သူများအတွက် ဝင်ငွေရရှိစေရန်ဖြစ်ကြောင်း၊ ဒေသများစွာတွင် ပထဝီဝင်နိုင်ငံရေးတင်းမာမှုများရှိနေသော် လည်း ထိုင်းနိုင်ငံ၏ ကုန်သွယ်ရေးမိတ်ဖက်များအတွက် ထိုင်းနိုင်ငံသည် စိတ်ချရသည့် အစားအစာရင်းမြစ်ဖြစ်သည့် ရပ်တည်ချက်ဖြင့် ကမ္ဘာ့ဆန်ဈေးကွက်ကို စောင့်ကြည့်ရန်ဖြစ်ကြောင်း၊ “Affordable Fertiliser Programme 2025” ကို တောင်သူများ၏ အပြုသဘောတုန့်ပြန်ချက်များရရှိပါကြောင်း၊ အစီအစဉ်ကြေညာချိန်မှစ၍ ဓာတ်မြေဩဇာအိတ် ၁ သန်းကျော် အမှာစာရရှိခဲ့ပြီး တောင်သူများအတွက် ဘတ် ၃၀ သန်းသက်သာစေခဲ့ပါကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။
ThaiFex Anuga 2025 တွင် ထိုင်းနိုင်ငံ၏ အဓိကဆန်ထုတ်လုပ်သည့်ပြည်နယ်များမှ ကုန်သည်များပါဝင်မည်ဖြစ်ကြောင်း၊ အဆိုပါပြပွဲမှ ဆန်အမှာစာ ဘတ် ၅၀၀ သန်းကျော်ရရှိရန် မျှော်မှန်းထားပါကြောင်း၊ ဦးစီး ဌာနအနေဖြင့် ဖိလစ်ပိုင်နှင့် ဂျပန်တို့မှ သွင်းကုန်လုပ်ငန်းရှင်များနှင့် ညှိနှိုင်းသွားရန်ရှိကြောင်း နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် Mrs. Arada Fuangtong က ပြောကြားခဲ့သည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)