တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ပန်းစိုက်ပျိုးထုတ်လုပ်သည့် အဓိကဒေသဖြစ်သည့် ယူနန်ပြည်နယ်သည် ယခုနှစ် ပထမလေးလတွင် လတ်ဆတ်သောဖြတ်ပန်းများ(fresh-cut flowers)တင်ပို့မှု၌ စံချိန်တင်တိုးတက်ခဲ့ကြောင်း ကူမင်းအကောက်ခွန်ဌာန၏ အချက်အလက်များအရ သိရှိရသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ယူနန်ပြည်နယ်၏ လတ်ဆတ်သောဖြတ်ပန်းများတင်ပို့မှု တန်ဖိုးစုစုပေါင်း ယွမ်သန်း ၃၆၀(အမေရိကန်ဒေါ်လာ ၅၀ ဒသမ ၀၄ သန်းခန့်)ရှိခဲ့ပြီး တစ်နှစ်ထက် တစ်နှစ် ၅၁ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။
ယခုအခါ ယူနန်ပြည်နယ်သည် လတ်ဆတ်သော ဖြတ်ပန်းထုတ်လုပ်မှုတွင် တစ်နိုင်ငံဈေးကွက် ဝေစု၏ ၇၀ ရာခိုင်နှုန်းကျော်ကို ရရှိထားသည်။ ကမ္ဘာ့ဒုတိယအကြီးဆုံး လတ်ဆတ်သောပန်းရောင်းဝယ်ရေးဗဟိုနှင့် အာရှ၏အကြီးဆုံးပန်းဈေးရှိသည့် ပြည်နယ်မြို့တော် ကူမင်းမြို့ရှိ Dounan ပန်းဈေးသည် ထိုင်းနိုင်ငံ၊ ဂျပန်၊ စင်ကာပူ၊ ရုရှား၊ သြစတြေးလျနှင့် အာရှအလယ်ပိုင်းနိုင်ငံများအပါအဝင် နိုင်ငံနှင့် ဒေသပေါင်း ၅၀ ကျော်သို့ တင်ပို့မှုများ ဆက်လက်တိုးတက်လျက်ရှိသည်။
မကြာသေးမီက ရုရှားလုပ်ငန်းရှင် Saveleva Ekaterina သည် ကူမင်းမြို့ရှိ ပန်းစိုက်ပျိုးရေးခြံတစ်ခုမှ တာဝန်ရှိသူ Zhou Tianyiနှင့်နှင်းဆီပန်း (carnations) ၂၄၀,၀၀၀ ၏အမှာစာကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ၎င်းအနေဖြင့် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများအတွက် ပန်းမျိုးစိတ် ၁၀၀ ကျော်ကိုလည်း လေ့လာနိုင်ခဲ့သည်။ ရုရှားဈေးကွက်သည် ယူနန်ပန်းများကို ခေတ်မီအရည်အသွေးနှင့် အမျိုးစားစုံလင်မှုတို့ကြောင့် နှစ်သက်ကြကြောင်း ၎င်းက ပြောကြားခဲ့သည်။
Zhou ၏ပြောကြားချက်ရ ၎င်းပန်းစိုက်ပျိုးရေးခြံမှ ကာဇက်စတန်နိုင်ငံသို့ အပတ်စဉ်လတ်ဆတ်သောဖြတ်ပန်း ၆၀,၀၀၀ ကိုပို့ဆောင်ပေးလျက် ရှိပြီး ရုရှားနိုင်ငံနှင့်အတူ ကာဇက်စတန်နိုင်ငံသည်လည်း ယမန်နှစ်မှစ ၍ တရုတ်၏လတ်ဆတ်သောပန်းဝယ်လိုအားတွင် တည်ငြိမ်စွာတိုးတက်လာသည်ကို တွေ့ရှိ ရသည်။
ယူနန်ပြည်နယ်၏ပန်းတင်ပို့မှုကို လွယ်ကူချောမွေ့စေရန်အတွက် ကူမင်းအကောက်ခွန်ဌာနသည် ၎င်း၏ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ်တိုးတက်အောင် ဆောင်ရွက်ခဲ့သည်။ ဆိပ်ကမ်းများတွင် အကောက်ခွန်ရှင်းလင်းရေးကို ပိုမိုလွယ်ကူချောမွေ့စေရေးမြှင့်တင်ပေးခဲ့ပြီး လုပ်ငန်းများအတွက် အကောက်ခွန်ဆိုင်ရာ ကုန်ကျစရိတ်များ လျှော့ချပေးခဲ့သည်။
အရင်းအမြစ်။ https://en.people.cn/n3/2025/0517/c90000-20316179.html
(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)