International News

တရုတ်နိုင်ငံသို့ တောင်အာဖရိက ရာသီသစ်ထောပတ်သီးများ ပထမအသုတ်အဖြစ် တင်ပို့နိုင်ခဲ့

Last Updated:

တောင်အာဖရိကနိုင်ငံအနေဖြင့် ထောပတ်သီးထွက်ရှိသည့် ရာသီ၏ ပထမဆုံးအသုတ်အဖြစ် တရုတ်နိုင်ငံသို့ ထောပတ်သီးများတင်ပို့နိုင်ခဲ့ကြောင်း တောင်အာဖရိက စိုက်ပျိုးရေးဝန်ကြီးဌာန၊ ဝန်ကြီး John Steenhuisen က အတည်ပြုခဲ့သည်။ ၁၃-၅-၂၀၂၅ ရက်(အင်္ဂါနေ့)တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် တောင်အာဖရိက ထောပတ်သီးလုပ်ငန်း၏ နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်ရန် ကြိုးပမ်းမှုရလဒ်အဖြစ် ယခုနှစ် ထောပတ်သီးရာသီ၏ပထမဆုံးအသုတ်ကို တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့သို့ တင်ပို့နိုင်ခြင်းဖြင့် သက်သေပြနေပါကြောင်း John Steenhuisen က ကျေနပ်အားရစွာဖြင့် ဖော်ပြခဲ့သည်။

ယင်းသို့ထောပတ်သီးတင်ပို့နိုင်မှုသည် ထောပတ်သီးကဏ္ဍအတွက် စီးပွားရေးတိုးတက်မှုနှင့် အလုပ်အကိုင်အခွင့်လမ်းများဖန်တီးပေနိုင်မှုတို့တွင် အထောက်အကူဖြစ်စေကြောင်း၊ တရုတ်နိုင်ငံသို့ စောစီးစွာ တင်ပို့ ဆောင်ရွက်နိုင်မှုသည် တောင်အာဖရိက၏ ထောပတ်သီးလုပ်ငန်းအတွက် ကြိုးစားအားထုတ်မှု၊ဆန်းသစ်တီထွင်မှုနှင့်ဗဟာဗျူဟာမြောက် အမြော်အမြင်ရှိမှုတို့၏ ရလာဒ်များဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဝန်ကြီးက ပီးရူးနိုင်ငံကဲ့သို့သော ထောပတ်သီးတင်ပို့မှု၏ အဓိကပြိုင်ဘက်များနှင့်နှိုင်းယှဉ်ပါက တရုတ်နိုင်ငံသို့ သယ်ယူပို့ဆောင်ချိန်တိုးတောင်းခြင်းအပါအဝင် တောင်အာဖရိက ထုတ်လုပ်သူများ၏ မဟာ ဗျူဟာမြောက်အားသာချက်များရှိကြောင်း ထောက်ပြခဲ့သည်။ အဆိုပါထောက်ပံပို့ဆောင်ရေးအားသာချက်ကြောင့် တောင်အာဖရိက ထောပတ်သီးများကို ရောင်းလိုအားနည်းသောကာလအတွင်း တရုတ်ဈေးကွက်သို့ ဝင်ရောက်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ် ဩဂုတ်လတွင် တရုတ်နှင့် တောင်အာဖရိကတို့သည် အပင်ပိုးမွှားကင်းစင်ရေးဆိုင်ရာ သဘောတူညီချက်(phytosanitary agreement)လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ပထမဆုံးအကြိမ်အဖြစ် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် တောင်အာဖရိက ထောပတ်သီးတန်ချိန် ၂၁ တန်ကို ရှန်ဟိုင်းမြို့သို့ တင်ပို့ဆောင်ရွက်ခဲ့သည်။ ယင်းသည် တောင်အာဖရိကအနေဖြင့် ကင်ညာနိုင်ငံပြီးလျှင် တရုတ်ဈေးကွက်သို့ ဝင်ရောက်ခွင့်ရရှိသည့် တတိယမြောက်နိုင်ငံဖြစ်လာခဲ့သည်။

အရင်းအမြစ်။ https://en.people.cn/n3/2025/0515/c90000-20315140.html

(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: International News