International News

ဂျိုဟိုး-စင်ကာပူအထူးစီးပွားရေးဇုန်တွင် လူနေအိမ်ခန်းများနှင့်စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အိမ်ရာအဆောက်အအုံကဏ္ဍရင်းနှီးမြှုပ်နှံသူများ မျက်စိကျလာ

Last Updated:

ဂျိုဟိုး-စင်ကာပူအထူးစီးပွားရေးဇုန်(Johor-Singapore SEZ–JS-SEZ) တွင် ရေရှည်၌ ဧည့်ဝန်ဆောင်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာရန် အလားအလာရှိသည်ဖြစ်ရာ အိမ်ရာအဆောက်အအုံကဏ္ဍရင်းနှီးမြှုပ်နှံသူများက လူနေအိမ်ခန်းများနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရန် မြေနေရာများရရှိရေးကို အာရုံစိုက်လျက်ရှိပါသည်။

“လူဦးရေတိုးတက်လာပြီး စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာသည် နှင့်အမျှ ဂျိုဟိုးပြည်နယ်မှာ တိုးတက်မှုလမ်းကြောင်းပေါ်တွင်ရှိကြောင်း၊ အိမ်ရာအဆောက်အအုံကဏ္ဍမှာ တဖြည်းဖြည်းတိုးတက်လျက်ရှိကြောင်း၊ ဂျိုဟိုးပြည်နယ်တွင် မြေအများအပြားရှိကြောင်း၊ ရင်းနှီး မြှုပ်နှံမှုပြုလုပ်ရန် အရည်အသွေးမပြည့်မီသေးသော်လည်း အချိန်မီပြောင်းလဲလာမည်ဖြစ်ကြောင်း၊ လာရောက်လည်ပတ်သူများအတွက် အိမ်ရာအဆောက်အအုံများ မလုံလောက်ကြောင်း၊ ဂျိုဟိုးပြည်နယ်တွင် လူအများလာရောက် အလုပ်လုပ်ကိုင်နေထိုင်စေလိုပါက အိမ်ရာအဆောက် အအုံများကို သင့်တင့်သည့်ဈေးနှုန်းများဖြင့် ဝယ်ယူ/ငှားရမ်းနိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဂျိုဟိုးပြည်နယ်တွင် တစ်ပိုင်းလျှပ်ကူးပစ္စည်းများနှင့် ဆေးဝါးများထုတ်လုပ်မှုတိုးတက်လိုသည်ဖြစ်ရာ စက်မှုလုပ်ငန်းများနှင့်ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍများ အားကောင်းမည်ဖြစ်ကြောင်း၊ အစည်းအဝေးများ၊ ဆွဲဆောင်ရေး၊ ညီလာခံများ၊ ပြပွဲများ(Meetings, Incentives, Conferences and Exhibitions–MICE) အတွက် စင်ကာပူနိုင်ငံထက်ပို၍ နေရာအကျယ်အဝန်းပိုပေးနိုင်ကြောင်း၊ MICE အတွက် ဈေးနှုန်းကို ချင့်ချိန်သုံးစွဲနေရသူများအတွက် ဂျိုဟိုးတွင် ဈေးနှုန်းအသင့်အတင့်ဖြင့် ပြပွဲအခမ်းအနားများကို ပြုလုပ်နိုင်မည်ဖြစ်ကြောင်း” မေလ ၆ ရက်နေ့က May Bank နှင့် စင်ကာပူအိမ်ရာအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ ပူးပေါင်းပြုလုပ်သည့်အခမ်းအနားတွင် Collier ၏ အာရှ-ပစိဖိတ်အရင်းအနှီးဈေးကွက် အလုပ်အမှုဆောင်ဒါရိုက်တာ Govinda Singh က  ပြောကြားခဲ့ပါသည်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် GuocoLand Limited နှင့် မလေးရှားကုမ္ပဏီ UEM Sunrise တို့ပူးပေါင်း၍ JS-SEZ အတွင်းရှိ Iskandar Puteri တွင် မြေယာဖွံ့ဖြိုးမှုလုပ်ငန်းများဆောင်ရွက်မည်ဟု ကြေညာခဲ့ပါသည်။ May Bank ၏အိမ်ရာအဆောက်အအုံကဏ္ဍ ဒါရိုက်တာ Chong Paul Wee က JS-SEZ သည် နှစ်နိုင်ငံအစိုးရများက အင်တိုက် အားတိုက်အကောင်အထည်ဖော်ဆောင်ရွက်သည့် စီမံကိန်းတစ်ခုဖြစ် ကြောင်း၊ မလေးရှားရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့၏ အကြီးအကဲ Vinothan Tulisinathzan က JS-SEZ သည် မလေးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံအတွက် စီးပွားရေးအရ အကျိုးအမြတ်များစွာရှိစေမည်ဖြစ်ကြောင်း၊ နှစ်ဖက်အစိုးရများအနေဖြင့် ဂျိုဟိုးပြည်နယ်နှင့် စင်ကာပူနိုင်ငံတို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများလွယ်ကူချောမွေ့စေရေးအတွက် လိုအပ်သည့်အခြေခံအဆောက်အအုံ များကို မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ မလေးရှားနိုင်ငံ၊ လူဝင်မှုကြီးကြပ် ရေးတွင် QR code အသုံးပြု၍ ပြည်ဝင်/ထွက်မှုဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးမှာ ၇၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း၊ Puteri Harbour မှ စင်ကာပူနိုင်ငံ Tuas သို့ ဖယ်ရီပြေးဆွဲရေးကို ဆက်လက်ဆွေးနွေးဆဲဖြစ်ပြီး Tuas မှ Iskandar သို့ Rapid Transit System Link ပြုလုပ်ရန် လိုလားကြောင်းပြောကြားခဲ့ပါသည်။

ဂျိုဟိုးပြည်နယ်သို့ ညအိပ်ခရီးသည်ဝင်ရောက်မှုအရေအတွက်မှာ ၂၀၂၄ ခုနှစ်တွင် ၄ သန်းရှိရာမှ သယ်ယူပို့ဆောင်ရေးနှင့် အပန်းဖြေဖျော်ဖြေရေးများတိုးတက်လာမည်ဖြစ်သည့်အတွက် ၂၀၃၀ ပြည့်နှစ်တွင် ၈ သန်းအထိ ရှိလာမည်ဟု ခန့်မှန်းထားပါသည်။ “ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အလယ်အလတ်အဆင့်ဟိုတယ်လုပ်ငန်းများကိုဦးတည်၍ အခွင့်အလမ်းများကို ရယူနိုင်ကြောင်း၊ ၎င်းလုပ်ငန်းများသည် ဝင်ငွေပြန်လည်ရရှိမှုကောင်းပြီး နိုင်ငံတကာအဆင့်မီဟိုတယ်အဖြစ် အခန်းငှားရမ်းခကိုလည်း အဆင့်မြှင့်နိုင်မည်ဖြစ်ကြောင်း၊ နေရာအသစ်တွင် လာရောက်နေထိုင်ကြမည့်သူများမှာ ဈေးကွက်အခြေအနေကိုမသိသေးသည့်အခြေ အနေတွင် ကနဦးအနေဖြင့် ငှားရမ်းနေထိုင်ကြမည်ဖြစ်ကြောင်း၊ ဝယ်ယူရန်မတတ်နိုင်သည့်အခါ ငှားရမ်းနေထိုင်ကြမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အိမ်ရာအဆောက်အအုံတည်ဆောက်သူများအနေဖြင့် Johor နှင့် Iskandar Puteri တွင် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ဒီဂျစ်တယ်စီးပွားရေးနှင့် ကျန်းမာရေးကဏ္ဍမှ ကျွမ်းကျင်ပညာရှင်များကို ဆွဲဆောင်နိုင်မည့် အိမ်ရာများတည်ဆောက်၍ ငှားရမ်းသည့်လုပ်ငန်း လုပ်ကိုင်သင့်ကြောင်း” Collier ၏ အာရှ-ပစိဖိတ်အရင်းအနှီးဈေးကွက်အတွက် အလုပ် အမှုဆောင်ဒါရိုက်တာ Govinda Singh က  ပြောကြားခဲ့ပါ သည်။

ရင်းမြစ်။        The Business Times

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News