စင်ကာပူနိုင်ငံအတွက် Pacific Alliance-Singapore Free Trade Agreement(PASFTA) မှာ ၂၀၂၅ ခုနှစ်၊ မေလ ၃ ရက်နေ့တွင် အသက် ဝင်ကြောင်း စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါသည်။
PASFTA သည် စင်ကာပူနိုင်ငံအတွက် (၂၈)ခုမြောက် လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ်ဖြစ်ပါသည်။ ချီလီနိုင်ငံ၊ ကိုလမ်ဘီယာနိုင် ငံ၊ မက်ဆီကိုနိုင်ငံနှင့် ပီရူးနိုင်ငံတို့ပါဝင်သည့် Pacific Alliance သည် လက်တင်အမေရိကဒေသရှိ ကုန်သွယ်မှုအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပါသည်။ Pacific Alliance သည် (၉)ခုမြောက် ကမ္ဘာ့အကြီးဆုံးစီးပွားရေးအသိုက်အဝန်းတစ်ခုဖြစ်ပြီး လူဦးရေအားဖြင့် ၂၃၅ သန်းရှိပါသည်။ Pacific Alliance ဈေးကွက်တွင် စင်ကာပူကုမ္ပဏီ ၁၀၀ နီးပါး စီးပွားရေးလုပ်ငန်းဆောင်ရွက်လျက်ရှိပါသည်။စင်ကာပူနိုင်ငံသည် ချီလီနိုင်ငံနှင့် မက်ဆီကိုနိုင်ငံတို့နှင့် ဘက်စုံတိုးတက်သော ပစိဖိတ်ဖြတ်ကျော်သဘောတူညီချက်(Comprehensive and Progressive Agreement for Trans-Pacific Partnership-CPTPP)အရ လွတ်လပ်သောကုန်သွယ်မှုသဘောတူ စာချုပ်ဝင်နိုင်ငံများဖြစ်ပြီး ပီရူးနိုင်ငံနှင့် CPTPP အရလည်းကောင်း၊ ပီရူး-စင်ကာပူလွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်အရလည်းကောင်း မိတ်ဖက်နိုင်ငံများဖြစ်ပါသည်။
PASFTA ကို ကိုလမ်ဘီယာနိုင်ငံတွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့၌ ပြုလုပ်ခဲ့သည့် (၁၆) ကြိမ်မြောက် Pacific Alliance Summit တွင် ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန ယခင်ဝန်ကြီး Gan Kim Yong နှင့် Pacific Alliance အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များက လက်မှတ်ရေးထိုးခဲ့ပါသည်။ PASFTA ကို စင်ကာပူနိုင်ငံက ၂၀၂၂ ခုနှစ် ဇူလိုင်လတွင်လည်းကောင်း၊ ပီရူးနိုင်ငံက ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင်လည်း ကောင်း အတည်ပြုခဲ့ပြီး ချီလီနိုင်ငံက ၂၀၂၅ ခုနှစ်၊ မတ်လ ၄ ရက်နေ့တွင် အတည်ပြုခဲ့ပါသည်။ ထို့ကြောင့် အဆိုပါ(၃)နိုင်ငံအတွက် စာချုပ်အသက်ဝင်ပြီဖြစ်ကြောင်း ဖော်ပြထားပါသည်။ ကိုလမ်ဘီယာနိုင်ငံနှင့် မက်ဆီကိုနိုင်ငံတို့မှာ ၎င်းတို့၏စာချုပ်အပေါ် အတည်ပြုသည့်လုပ်ငန်း စဉ်အပေါ်မူတည်၍ စာချုပ်အသက်ဝင်မည်ဖြစ်ပါသည်။
ရင်းမြစ်။ Ministry of Trade and Industry
(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)