ဖိလစ်ပိုင်အမျိုးသားစားနပ်ရိက္ခာဖူလုံရေးအာဏာပိုင်အဖွဲ့၏ အဓိကလုပ်ငန်းတာဝန်များကို ပြန်လည်အသက်သွင်းနိုင်ရေး ပြန်လည်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း စိုက်ပျိုးရေးဌာနတာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။ ၂၀၁၉ ခုနှစ်က ပြင်ဆင်ပြဌာန်းခဲ့သည့် Rice Tariffication Law အရ အမျိုးသားစားနပ်ရိက္ခာဖူလုံရေးအာဏာပိုင်အဖွဲ့သည် ဆန်တင်သွင်းခွင့်၊ အများပြည်သူများထံသို့ တိုက်ရိုက်ရောင်းချခွင့်များအား လုပ်ကိုင်ခွင့်ဆုံးရှုံးခဲ့ပြီး အရံဆန်ရိက္ခာဖူလုံရေးကိုသာ ဆောင်ရွက်ခွင့် ရရှိထားခဲ့ပါသည်။
အမျိုးသားစားနပ်ရိက္ခာဖူလုံရေးအာဏာပိုင်အဖွဲ့အနေဖြင့် အရေးပေါ်အခြေအနေများအတွက် အရံဆန်ရိက္ခာဖူလုံစေရန် ပြည်တွင်းတောင်သူများထံမှ စပါး (Unmilled rice)များ ဝယ်ယူခြင်းသည် အကန့်အသတ်ရှိသဖြင့် ထိရောက်စွာဖြင့် လျှော့ချသွားမည်ဖြစ်ပါကြောင်း၊ သက်တမ်းရင့်သွားသည့် ဆန်များကို စားနပ်ရိက္ခာဖူလုံရေး အရေးပေါ်အခြေအနေကြော်ငြာသည့် ကာလတွင်သာ လေလံစနစ်ဖြင့်ဖြန့်ချိရသဖြင့် လေလံစနစ်ပြိုင်ဆိုင်မှုများ ကျရှုံးသည့်အခြေအနေမြင့်တက်လာခြင်းသည် ဆန်များပျက်စီးဆုံးရှုံးမှုပိုမိုများပြားနိုင်ကြောင်း ဖော်ပြပါရှိပါသည်။
မကြိတ်ခွဲရသေးသည့် ဆန်(စပါး)သည် ၆ လခန့်ခံသည့်အချိန်တွင် ကြိတ်ခွဲပြီးဆန်များသည် ၂ လမှ ၃ လအတွင်း ပျက်စီးဆုံးရှုံးနိုင်ခြေရှိပါကြောင်း၊ သို့သော်လည်း ပထမဝင်ရောက်ခဲ့သည့်ဆန်အား ပထမထုတ်ပေးသည့်စနစ်ကျင့်သုံးမည်ဆိုပါက ၉ လမတိုင်မီ လေလံစနစ်ဖြင့်ရောင်းချနိုင်ကြောင်း ဖော်ပြပါရှိပါသည်။ ထိုကဲ့သို့သောအခြေအနေများသည် ဆန်အရည်အသွေးကျဆင်းနိုင်ခြေများပြီး ထိန်းသိမ်းခများပိုမိုကျသင့်မည်ဖြစ်သောကြောင့် အမျိုးသားစားနပ်ရိက္ခာဖူလုံရေးအာဏာပိုင်အဖွဲ့ကို ဈေးကွက်တွင်းသို့ ဆန်များတိုက်ရိုက်ဖြန့်ဖြူးခွင့်ပေးမည်ဆိုလျှင် အရည်အသွေးကောင်းသောဆန်များအား သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ရောင်းချပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားထားပါသည်။
ကန့်သတ်ချက်များရှိနေခြင်းကြောင့် တိုင်းပြည်၏အရန်ဆန် ၁၀ ရက်တာကာလ ဖူလုံစေရန် ၅၀ ကီလိုပါအိတ်ဆန်တန်ချိန် ၇.၇ သန်းထက်မနည်းသည့်ပမာဏကို တိုးမြှင့်ဝယ်ယူသိုလှောင်ထားလိုသော်လည်း ဆန်သိုလှောင်ရုံများမလုံလောက်သည့် အခက်အခဲများဖြစ်ပေါ်နေပါသည်။ ထို့အတွက် NFA အနေဖြင့် ယခင်ကဲ့သိုသောတာဝန်များ ပြန်လည်လုပ်ဆောင်ခွင့်ရရှိမည်ဆိုလျှင် တိုင်းပြည်၏ဆန်လုပ်ငန်းကဏ္ဍအခြေအနေကိုမူတည်၍ ပိုမိုထိရောက်စွာ စီမံခန့်ခွဲဆောင်ရွက်နိုင်မည်ဖြစ်ပါ သည်။ အများပြည်သူထံသို့ ဆန်များတိုက်ရိုက်ရောင်းချခွင့်နှင့် တောင်သူများနှင့် စားသုံးသူများအကျိုးဖြစ်ထွန်းစေမည့်နည်းလမ်းများဖြင့် ဈေးကွက်တွင်း ဝင်ရောက်ခွင့်ရရှိမည်ဆိုလျှင် NFA ရန်ပုံငွေများအား အကျိုးရှိစွာအသုံးချနိုင်မည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။
Rice Tariffication Law တွင်ပါဝင်သည့် NFA ၏လုပ်ပိုင်ခွင့်နှင့်တာဝန်များ ပြင်ဆင်ထားသည့် ဥပဒေမူကြမ်းအားလွှတ်တော်တွင်တင်ပြဆွေးနွေးခဲ့ရာ လွှတ်တော်စိုက်ပျိုးရေးလုပ်ငန်းကော်မတီ၏ ပယ်ချခြင်းခံထားရကြောင်း NFA ကောင်စီဥက္ကဋ္ဌမှ ပြောကြားခဲ့ပါသည်။
(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)