International News

အိန္ဒိယသည် ဝန်ဆောင်မှုတင်ပို့မှုတွင် ၁၃ % ကျော်မြင့်တက်လာသောကြောင့် ၂၀၂၅ ဘဏ္ဍာနှစ်၌ စုစုပေါင်းပို့ကုန်သည် ကန်ဒေါ်လာ ၈၂၅ ဘီလီယံအထိ စံချိန်တင်မြင့်တက်

Last Updated:

ကမ္ဘာ့ကုန်သွယ်မှုမှာ မသေချာ၊ မရေရာမှုများရှိနေသော်လည်း အိန္ဒိယ၏ ဝန်ဆောင်မှုများတင်ပို့မှုသည် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၃၈၆ ဒသမ ၅ ဘီလီယံအထိ စံချိန်တင်ရောက်ရှိခဲ့သဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုတင်ပို့မှု စုစုပေါင်းပမာဏမှာ  ကန်ဒေါ်လာ ၈၂၅ ဘီလီယံအထိရှိခဲ့ကြောင်း ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏အချက်အလက်များအရ သိရှိရသည်။ အိန္ဒိယဗဟိုဘဏ် (RBI)မှ မတ်လအတွက် ဝန်ဆောင်မှုတင်ပို့မှုအချက်အလက်များ ထုတ်ပြန်ပြီးနောက် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွက် နိုင်ငံ၏စုစုပေါင်းတင်ပို့နိုင်မှုပမာဏအား အစောပိုင်းက ကန်‌ဒေါ်လာ ၈၂၄ ဒသမ ၉၃ ဘီလီယံသတ်မှတ်ထားရာမှ ကန်‌ ဒေါ်လာ ၈၂၄ ဒသမ ၉ ဘီလီယံဟုပြင်ဆင်သတ်မှတ်ခဲ့ပါကြောင်း၊ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွက် စုစုပေါင်းတင်ပို့မှုပမာဏမှာ ကန်ဒေါ်လာ ၇၇၈ ဒသမ ၈၃ ဘီလီယံသာရှိခဲ့ကြောင်း သိရှိရပါသည်။

စာရင်းအင်းအချက်အလက်များအရ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် ဝန်ဆောင်မှုကဏ္ဍတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၃၈၇.၅ ဘီလီယံအထိ စံချိန်တင်မြင့်တက်ခဲ့ပြီး ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တင်ပို့မှု ကန်ဒေါ်လာ ၃၄၁ ဒသမ ၁ ဘီလီယံထက် ၁၃ ဒသမ ၆ ရာခိုင်နှုန်းကျော်တိုးတက်ခဲ့ကြောင်းသိရသည်။

ယခုနှစ် မတ်လတွင် ဝန်ဆောင်မှုကဏ္ဍ တင်ပို့ရောင်းချမှုမှ ကန်ဒေါ်လာ ၃၅ ဒသမ ၆ ဘီလီယံရရှိခဲ့ပြီး ၂၀၂၄ ခုနှစ် မတ်လတွင် တင်ပို့နိုင်မှု ကန်ဒေါ်လာ ၃၀ ဘီလီယံနှင့်နှိုင်းယှဉ်ပါက ၁၈.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။

ပို့ကုန်တိုးတက်မှုအတွက်ပံ့ပိုးပေးသည့်အဓိကကဏ္ဍများမှာ ဆက်သွယ်ရေး၊ ကွန်ပျူ တာ၊ သတင်းအချက်အလက်ဝန်ဆောင်မှုများ၊ သယ်ယူပို့ဆောင်ရေးခရီးသွားလာရေးနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများပါဝင်ကြောင်း သိရှိရသည်။

ဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့်အချက်အလက်များအပေါ် အိန္ဒိယပို့ကုန်အဖွဲ့အစည်းများ အဖွဲ့ချုပ်(FIEO) မှ SC Ralhan က ယင်းသည် ပို့ကုန်လုပ်ငန်းရှင်များ ၏ကြံ့ကြံ့ခံနိုင်ရည်အား ပြသခြင်းဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။

သို့ရာတွင်ယနေ့အထိ ကုန်ပစ္စည်းအမှာစာဝင်ရောက်မှုမှာ အမေရိကန်နှင့်ဥရောပမှ မဟုတ်ကြောင်း၊ အမေရိကန်တင်သွင်းသူများသည် ကုန်သွယ်မှုသဘောတူညီချက်ကို စောင့်ဆိုင်းနေကြသဖြင့် ယင်းသည် မိမိတို့၏ပို့ကုန်များကို ထိခိုက်စေနိုင်သည်ဟုထပ်လောင်းပြောကြားခဲ့ပြီး အစိုးရသည် ပို့ကုန်လုပ်ငန်းရှင်များအတွက် အတိုးနှုန်းလျော့ချပေးသည့်ကူညီထောက်ပံ့မှုအစီအစဉ်ကို ချက်ချင်းထုတ်ပြန်သင့်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

နိုင်ငံတွင်းအတိုးနှုန်းမြင့်မားလျက်ရှိသည့်အတွက် ကမ္ဘာ့ဈေးကွက်များတွင် ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန်အတွက် အနည်းဆုံးအတိုးနှုန်း ၅ ရာခိုင်နှုန်းလျော့ချပေးရန်လိုအပ်သည်ဟု Ralhan မှ ပြောကြား ခဲ့သည်။

Source: India’s total exports jump to record $825 bn in FY25 as services shipments rise over 13%, The Economic Times, 01 May, 2025.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News