Kerala ပြည်နယ်၊ Thiruvananthapuram ရှိ Vizhinjam အပြည်ပြည်ဆိုင်ရာ ရေနက်ဆိပ်ကမ်းနှင့် ဘက်စုံသုံးဆိပ်ကမ်းကို အိန္ဒိယဝန်ကြီးချုပ်နရန်ဒြာမိုဒီမှ မေလ ၂ ရက်နေ့(ယနေ့)တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ Adani Ports and SEZ Ltd. နှင့် အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုဖြင့် ရူပီး ၈,၈၆၇ ကုဋေခန့်ကုန်ကျမည်ဟု ခန့်မှန်းထားသော အဆိုပါဆိပ်ကမ်းကို အိန္ဒိယနိုင်ငံ၏ပထမဆုံးသော အထူးကုန်သေတ္တာလွှဲပြောင်းဆိပ်ကမ်းအဖြစ် ဒီဇိုင်းရေးဆွဲထားပြီး နိုင်ငံ၏ ကုန်သေတ္တာကိုင်တွယ်မှုအတွက် နိုင်ငံခြားဆိပ်ကမ်းများအပေါ် မှီခိုမှုကို သိသိသာသာလျှော့ချရန်ရည်ရွယ်ထားကြောင်း သိရ သည်။
အိန္ဒိယဆိပ်ကမ်းဝန်ကြီး V.N. Vasavan က ယနေ့နံနက် ၁၁ နာရီတွင် ဖွင့်လှစ်မည့် အခမ်းအနားမတိုင်မီ အသေးစိတ်အချက်အလက်များကို ပြောကြားခဲ့ပြီး၊ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မည့် ဧည့်သည်တော်စာရင်းတွင် အုပ်ချုပ်ရေးမှူး Arlekar၊ ဝန်ကြီးချုပ် Pinarayi Vijayan၊ ပြည်ထောင်စုဝန်ကြီး Sonowal၊ ဝန်ကြီးများဖြစ်သော Suresh Gopi နှင့် George Kurian၊ ပြည်နယ်ဝန်ကြီးများ၊ အတိုက် အခံခေါင်းဆောင် V.D. Satheesan၊ အမျိုးသားလွှတ်တော်အမတ်များဖြစ်သော Shashi Tharoor နှင့် A.A. Rahim၊ မြို့တော်ဝန် Arya Rajendran နှင့် Rajeev Chandrasekhar တို့ပါဝင်ကြောင်း ဖော်ပြခဲ့သည်။ ဝန်ကြီးချုပ်ရုံးမှသတ်မှတ်ထားသော တရားဝင်လုပ်ထုံးလုပ်နည်းများအရ အဆိုပါအခမ်းအနားသည် ၉၀ မိနစ်အတွင်းပြီးဆုံးမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။
ဝန်ကြီး Vasavan က အဆိုပါဆိပ်ကမ်းသည် ကုန်စည်သယ်ယူပို့ဆောင်ရေးစွမ်းရည်မြင့်မားကြောင်း၊ နှစ်စဉ် ပေ(၂၀)ကုန်သေတ္တာအလုံးရေ(TEU) ၃၀ သိန်းကို ကိုင်တွယ်ဆောင်ရွက်နိုင်ပြီး TEU ၄၅ သိန်းအထိ တိုးမြှင့်နိုင်မည့်အလားအလာရှိကြောင်းပြောကြားခဲ့သည်။ ၎င်းက ကမ္ဘာ့ကုန်သွယ်ရေးတွင် Vizhinjam ဆိပ်ကမ်း ၏မဟာဗျူဟာမြောက်အရေးပါမှုကို အလေးထားပြောကြားခဲ့ကြောင်း သိရသည်။
လုပ်ငန်းလည်ပတ်မှုအထောက်အထားများတွင် ၂၀၂၄ ခုနှစ် ဇူလိုင်လက စမ်းသပ်လည်ပတ်မှုများစတင်ခြင်း၊ ဒီဇင်ဘာလ ၃ ရက်တွင် ကော်မရှင်လက်မှတ်ရရှိခြင်းနှင့် သင်္ဘော ၂၈၅ စီးမှ TEU ၅၉၃,၀၀၀ ကို ကိုင်တွယ်ဆောင်ရွက်ခြင်းတို့ပါဝင်ကြောင်း သိရသည်။ အထူးသဖြင့် ယခင်က ဒူဘိုင်းနှင့် ကိုလံဘိုမြို့များကို ကျော်ဖြတ်သွားခဲ့သော Mediterranean Shipping Company S.A.(MSC)၏သင်္ဘောများသည် ယခုအခါ Vizhinjam ဆိပ်ကမ်းသို့ ဆိုက်ကပ်လာကြောင်း တွေ့ရှိရသည်။
ဆက်လက်၍ ဝန်ကြီးက ညှိနှိုင်းဆောင်ရွက်မှုများပိုမိုကောင်းမွန်လာခြင်းနှင့် ပြန် လည်ပြင်ဆင်ထားသော သဘောတူညီချက်များကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများအချိန်မတိုင်မီပြီးစီးနေပြီး၊ လည်ပတ်မှုနှင့် အမြတ်ငွေရရှိမှုကို မြန်မြန်ဆန်ဆန်အာမခံပေးနေကြောင်း အတည်ပြုပြောကြားခဲ့သည်။ ငွေကြေးထောက်ပံ့မှုနှင့်ပတ်သက်၍ ၎င်းက ဗဟိုအစိုးရမှ Viability Gap Funding(VGF)ကို ချေးငွေအဖြစ် ပြည်နယ်အစိုးရထံ ကမ်းလှမ်းခဲ့ပြီး ပြည်နယ်အစိုးရအနေဖြင့် (grant)အကူငွေကို ရယူရန်နှစ်သက်သော်လည်း ကမ်းလှမ်းမှုအားလက်ခံခဲ့ကြောင်း ပြောကြားခဲ့သည်။
ဧပြီလ ၈ ရက်တွင် အဓိကကုန်သေတ္တာသင်္ဘောတစ်စီးဖြစ်သော MSC Turkiye သည် MSC ၏ Jade ရွှေ့ပြောင်းဝန်ဆောင်မှုအောက်ရှိ Vizhinjam ဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။ ယခုအချိန်အထိ ကုန်တင်သင်္ဘော ၂၄၆ စီးမှ TEU ၅၀၁,၈၄၇ ကို ကိုင်တွယ်ဆောင်ရွက်ပြီးဖြစ်ကာ ဆိပ်ကမ်းစတင်သည့် အဆင့် ၁ တွင် TEU ၁၀ သိန်းကို ရည်မှန်းထားကြောင်း သိရသည်။
Vizhinjam ဆိပ်ကမ်း၏သဘာဝရေအနက် မီတာ ၂၀ နီးပါးရှိခြင်းနှင့် အပြည်ပြည်ဆိုင်ရာ သင်္ဘောလမ်းကြောင်းများနှင့် နီးကပ်စွာတည်ရှိမှုတို့ကြောင့် ကိုလံဘိုနှင့် ဒူဘိုင်းကဲ့သို့သော အဓိကဆိပ်ကမ်းများနှင့် ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ၎င်းသည် အိန္ဒိယနိုင်ငံ၏ ပထမဆုံးသော တစ်ဝက်တစ်ပြက်အလိုအလျောက်လုပ်ဆောင်နိုင်သည့် ဆိပ်ကမ်း(semi-automated port)လည်းဖြစ်ပြီး၊ IIT Madras နှင့်ပူးပေါင်းမှုဖြင့် တည်ဆောက်ထားသော အသိဉာဏ်တု(AI)နည်းပညာသုံး သင်္ဘောလမ်းကြောင်း စီမံခန့်ခွဲမှုစနစ်တပ်ဆင်ထားကြောင်း သိရသည်။
Source: The Times of India, PM Modi to inaugurate Vizhinjam Seaport: 10 things to know about India’s first transshipment hub, May 2, 2025.
(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်ကတ္တားမြို့)