အမေရိကန်-တရုတ် ကုန်သွယ်ရေးတင်းမာမှုအရှိန်ပြင်းထန်လာသောကြောင့် တိရစ္ဆာန်အစာနှင့် ဆန်အပါအဝင် ထိုင်းထုတ်ကုန်များစွာသည် အမေရိကန်ဈေးကွက်ဝေစုကြီးမားလာနိုင်သည့် အခွင့်အရေးရှိကြောင်း ထိုင်းနိုင်ငံကုန်သွယ်ရေးမူဝါဒနှင့် မဟာဗျူဟာရုံးညွှန်ကြားရေးမှူးချုပ် Mr.Poon-pong Naiyanapakorn ၏ပြောကြားချက်အရ သိရှိရပါသည်။
ကုန်သွယ်ရေးမူဝါဒနှင့် မဟာဗျူဟာရုံးအနေဖြင့် အမေရိကန်-တရုတ်ကုန်သွယ်ရေး တင်းမာမှုများကြောင့် ထိုင်းစိုက်ပျိုးရေးထုတ်ကုန်များအပေါ် သက်ရောက်မှုကို စောင့်ကြည့်နေပါကြောင်း၊ ရုံးအနေဖြင့် ထုတ်ကုန်များကို အမျိုးအစား(၃)မျိုးခွဲခြားထားပြီး အလားအလာမြင့်မားသောထုတ်ကုန်များ၊ အလားအလာရှိသော ထုတ်ကုန် များနှင့် ကုန်သွယ်လွှဲပြောင်းမှုစောင့်ကြည့်ရန် လိုအပ်သောထုတ်ကုန်များဖြစ် ကြောင်း၊ အလားအလာမြင့်မာသော ထုတ်ကုန်ဆိုသည်မှာ အမေရိကန်ဈေးကွက်တွင် ဈေးကွက်ဝေစုရရှိထားပြီး တရုတ်ထုတ်ကုန်များနေရာတွင် အစားထိုးနိုင်သော တိရစ္ဆာန်အစာ၊ ဆန်၊ ပြုပြင်ပြီးမက်ကာရယ်၊ ငါးခွေးလျှာ(flounder)အသားလွှာများ၊ ပြုပြင်ပြီးမျှစ်တို့ဖြစ်ကြောင်း၊ အလားအလာရှိသော ထုတ်ကုန်များမှာ တရုတ်က လွှမ်းမိုးထားသော ဈေးကွက်ဖြစ်သော်လည်း ထိုင်းနိုင်ငံအနေဖြင့် ဈေးကွက် ဝေစုအချို့ရှိနေသဖြင့် ထုတ်လုပ်မှုတိုးမြှင့်ခြင်းနှင့် ဈေးကွက်ရှာဖွေခြင်းဗျူဟာများဖြင့် အခွင့်အရေးတိုးမြှင့်ရှာဖွေခြင်းဖြစ်ရာ ဆန်ခေါက်ဆွဲနှင့် ကြာဆန်ကဲ့သို့သော ပါစတာထုတ်ကုန်များ၊ အေးခဲကင်းမွန်၊ ပဲပုပ်ဆော့စ်၊ ပြုပြင်ထားသော ငါးနှင့် အေးခဲစားတော်ပဲနှင့် ပဲတို့ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ်က ဆက်လက်ပြောကြားခဲ့သည်။
ကုန်သွယ်လွှဲပြောင်းမှုစောင့်ကြည့်ရန်လိုအပ်သော ထုတ်ကုန်များမှာ တရုတ်နှင့် ထိုင်းနိုင်ငံနှစ်ခုလုံးတွင် ထုတ်လုပ်သော ထုတ်ကုန်များဖြစ်ပြီး ထိုင်းနိုင်ငံအနေဖြင့် ပြည်တွင်းလိုအပ်ချက်စိန်ခေါ်မှုများကြောင့် တင်သွင်းရန်လိုအပ်သော ထုတ်ကုန်များဖြစ်ကြောင်း၊ ယင်းသည် ထိုင်းနိုင်ငံအတွက် ယှဉ်ပြိုင်မှုကို မြင့်မားစေသော် လည်း ထိုင်းထုတ်လုပ်သူများအနေဖြင့် ကုန်ကြမ်းများကို ဈေးသက်သာစွာတင်သွင်းသည့် အကျိုးကျေးဇူးရရှိစေမည်ဖြစ်ကြောင်း၊ ယင်းတို့တွင် လတ်ဆတ် သို့မဟုတ် အေးခဲကြက်သွန်ဖြူ၊ ပြုပြင်ပြီးဟင်းသီးဟင်းရွက်များ၊ ငရုတ်သီးခြောက်၊ ငရုတ်ကောင်း၊ လက်ဖက်ခြောက်နှင့် ကြက်သွန်နီခြောက် သို့မဟုတ် ကြက်သွန်နီမှုန့်တို့ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၏ အမေရိကန်ဈေးကွက်ဝေစုကို ထိန်းထားခြင်းသည် စိန်ခေါ်မှုဖြစ်နိုင်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် အမေရိကန်သည် ထိုင်းထုတ် ကုန်တစ်ချို့အပေါ် အပြန်အလှန်အခွန် ၃၆ ရာခိုင်နှုန်းထိ ကောက်ခံရန်ရှိကြောင်း Mr. Poonpong က သုံးသပ်ပြောကြားခဲ့သည်။
အခွန်သည် ဧပြီ ၉ ရက်နေ့မှ ရက်ပေါင်း ၉၀ ရွှေ့ဆိုင်းထားသော်လည်း ထိုင်းနိုင်ငံအနေဖြင့် အခြားသောဈေးကွက်များတွင် ယှဉ်ပြိုင်မှုရှိနေဆဲဖြစ်ကြောင်း၊ တရုတ်သည် အမေရိကန်အခွန်ကြောင့် အခြားသောဈေးကွက်များသို့ ရွှေ့ပြောင်းသွားပါက ယှဉ်ပြိုင်မှုသည် မြင့်တက်လာနိုင်ကြောင်း၊ ရုံးအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် ထိုင်းနိုင်ငံ၏ ကုန်သွယ်စီးပွားရေးအပေါ် သက်ရောက်မှုအလားအလာများကို တွက်ချက်လျက်ရှိကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် တရားမဝင်သွင်းကုန်များတားဆီးခြင်းနှင့် အရည်အသွေးနှင့်စံနှုန်းများနှင့် ကိုက်ညီစေရေး ပိုမိုတင်းကျပ်သော လုပ်ထုံးလုပ်နည်းများအပါအဝင် ရေတို၊ ရေရှည်မဟာဗျူဟာများချမှတ်လျက်ရှိကြောင်း၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသည် ပြည်တွင်းစိုက်ပျိုးရေးအပေါ် သက်ရောက်မှုကို စောင့်ကြည့်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနသည် မူပိုင်ခွင့်ပြဿနာများကို ဖြေရှင်းခြင်းနှင့် လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်ဆိုင်ရာ ညှိနှိုင်းမှုများကို အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရအနေဖြင့် ပို့ကုန်ဈေးကွက်တိုးချဲ့လိုပြီး ကုန်သွယ်ရေးပဋိပက္ခနှင့်စပ်လျဉ်းသည့် ဆုံးရှုံးမှုအန္တရာယ်ကို လျှော့ချလိုကြောင်း Mr. Poonpong က ဖြည့်စွက်ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ်အတွင်း အမေရိကန်သို့ ထိုင်းနိုင်ငံ၏ စိုက်ပျိုးရေးပို့ကုန်တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၄.၇၆ ဘီလီယံရှိခဲ့ပြီး ထိပ်တန်းပို့ကုန် ၁၀ မျိုးမှာ တိရစ္ဆာန်အစာ၊ ဆန်၊ ပြုပြင်ပြီးတူနာ၊ သစ်သီးနှင့် ဟင်းသီးဟင်းရွက်ဖျော်ရည်၊ ပြုပြင်ပြီးအစား အစာ၊ ဆော့စ်နှင့် ဆော့စ်ပြုလုပ်ရာတွင် အသုံးပြုသည့် အရသာမှုန့်၊ ပုဇွန်လုံးကဲ့သို့သော ပြုပြင်ပြီးပုဇွန်၊ အေးခဲပုဇွန်၊ အသီးနှင့် ပြုပြင်ပြီးအစေ့အဆံနှင့် နာနတ်သီးထုတ်ကုန်များဖြစ်ကြောင်း သိရှိရပါသည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)