International News

ထောက်ပံ့ပို့ဆောင်ရေးနှင့် AI နည်းပညာပေါင်းစည်းမှုကိုမြှင့်တင်ရန်အတွက် ဒူဘိုင်းအကောက်ခွန်ဌာနမှ ဂျာမန်တက္ကသိုလ်နှင့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့

Last Updated:

ဒူဘိုင်းအကောက်ခွန်ဌာနသည် ပညာရေး၊ လေ့ကျင့်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးနှင့် ဉာဏ်ရည်တုနည်းပညာ(AI)ဆိုင်ရာသုတေသနလုပ်ငန်းရပ်များ တိုးတက်စေရန်ရည်ရွယ်၍ ယူအေအီးနိုင်ငံမှ ဒူဘိုင်းတက္ကသိုလ်နှင့် ဂျာမနီနိုင်ငံမှ Kühne ထောက်ပံ့ပို့ဆောင်ရေးတက္ကသိုလ်(KLU)တို့နှင့် သုံးပွင့်ဆိုင်နားလည်မှုစာချွန်လွှာတစ်ရပ်ကို (MoU)လက်မှတ်ရေးထိုးခဲ့ကြပါသည်။

ဒူဘိုင်းအကောက်ခွန်ဌာန၏ညွှန်ကြားရေးမှူးချုပ် Dr. Abdulla Busenad၊ ဒူဘိုင်းစီးပွားရေးကျောင်းမှ ဌာနမှူး၊ ပါမောက္ခ Washika Haak-Saheem နှင့် KLU တက္ကသိုလ်၏ဥက္ကဌ၊ ပါမောက္ခ Andreas Kaplan တို့မှ KLU ၏ Hamburg ကျောင်းဝင်းတွင် ၎င်းသဘောတူညီချက်ကို တရားဝင်ပြုလုပ်ခဲ့ကြခြင်းဖြစ်ပါသည်။

ဤနားလည်မှုစာချွန်လွှာသည် ပူးတွဲပညာရပ်ဆိုင်ရာအစီအစဉ်များ၊ လက်တွေ့သင်ကြားလေ့ကျင့်မှုများနှင့် ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုများ၊ ထောက်ပံ့ရေးကွင်းဆက်စီမံခန့်ခွဲမှုနှင့် အကောက်ခွန်လုပ်ငန်းဆောင်ရွက်မှုများတွင် AI အသုံးချမှုများအပေါ်အာရုံစိုက်ထားသည့် သုတေသနလုပ်ဆောင်မှုများအတွက် အခြေခံအုတ်မြစ်ချပေးခြင်းဖြစ်ပါသည်။ ၎င်းတွင် ဒူဘိုင်းထောက်ပံ့ပို့ဆောင်ရေးအကယ်ဒမီ နှင့် ဒူဘိုင်းအကောက်ခွန်ဌာနတို့၏ ပညာသင်ဆုအစီအစဉ်ဆက်လက်ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ပံ့ပိုး ပေးထားပါသည်။

အဆိုပါပဏာမခြေလှမ်း၏တစ်စိတ်တစ်ပိုင်းအနေဖြင့် ပညာသင်ဆုအစီအစဉ်မှကျောင်းသားများသည် KLU တက္ကသိုလ်တွင်အကြိတ်အနယ်လေ့ကျင့်မှုများကို စတင်ခဲ့ကြပါသည်။ ၎င်းတို့၏အတွေ့အကြုံများတွင် ပညာရပ်ဆိုင်ရာသင်ရိုး ညွှန်းတမ်းများ၊ လက်တွေ့လေ့ကျင့်မှုများနှင့် ထိပ်တန်းဂျာမန်ကုမ္ပဏီများနှင့်ဟမ်းဘတ်ဆိပ်ကမ်းများသို့ သွားရောက်လေ့လာမှုများစသည်တို့ပါဝင်ပြီး အဆင့်မြင့် ထောက်ပံ့ပို့ဆောင်ရေးနည်းပညာများနှင့် AI နည်းပညာသုံးစနစ်များကို စူးစမ်းလေ့လာခဲ့ကြပါသည်။

ဆိပ်ကမ်းများ၊ အကောက်ခွန်နှင့်ကင်းမဲ့ဇုန်ကော်ပိုရေးရှင်း၏ဥက္ကဋ္ဌ Sultan Ahmed bin Sulayem က ၎င်းမိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုသည် အနာဂတ်အဆင်သင့်ရှိသော လုပ်သားအင်အားကို တည်ဆောက်ရန်နှင့် AI ကို အများသူငှာဝန်ဆောင်မှုများအဖြစ်ပေါင်းစပ်ခြင်းဆီသို့ မဟာဗျူဟာမြောက်ခြေလှမ်းတစ်ရပ်အဖြစ် အလေး ပေးပြောကြားခဲ့ပါသည်။

အဆိုပါပူးပေါင်းဆောင်ရွက်မှုသည် ဒူဘိုင်း၏ထိပ်တန်းကမ္ဘာ့ထောက်ပံ့ပို့ဆောင်ရေးဗဟိုချက်ဖြစ်လာစေရန် ရည်မှန်းချက်နှင့် “We the UAE 2031” ဦးတည်ချက်၏ ပိုမိုကျယ်ပြန့်သော အမျိုးသားရေးအမြင်ကိုပံ့ပိုးပေးလျက်ရှိကြောင်း Dr. Busenad မှမှတ်ချက်ပြုပြောကြားခဲ့ပါသည်။

ဒူဘိုင်းတက္ကသိုလ်ဥက္ကဌ Dr. Issa Al Bastaki နှင့် KLU တက္ကသိုလ်ဥက္ကဌ ပရော်ဖက်ဆာ Kaplan တို့နှစ်ဦးစလုံးက ဆန်းသစ်တီထွင်မှုကို မြှင့်တင်ရန်နှင့် ကမ္ဘာ့စီးပွားရေး၏တိုးတက်ပြောင်းလဲနေသော လိုအပ်ချက်များအတွက် ကျောင်းသားများအပေါ် ပြင်ဆင်ဆောင်ရွက်ထားရှိသည့် အကျိုးသက်ရောက်မှုမြင့်မားသော ပရိုဂရမ်များကိုပေးအပ်သွားမည့် ၎င်းတို့၏ကတိကဝတ်ကိုအခိုင်အမာ ပြောကြားခဲ့ကြကြောင်း သတင်းဖော်ပြထားပါသည်။

Source: Emirates News Agency

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: International News