ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့တွင်မေလ ၂၀ ရက်၌ကျင်းပပြုလုပ်မည့် ဒူဘိုင်းပြည်နယ်နှင့်ဂျာမနီနိုင်ငံတို့အကြား စီးပွားရေးလုပ်ငန်းပေါင်းစည်းမှုပိုမိုနက်ရှိင်းစေရန်နှင့် ရင်းနှီးမြှုပ်နှံမှုများကို တွန်းအားပေးရန်ကြိုးပမ်းဆောင်ရွက်မှု၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့်ပြုလုပ်မည့် ဒူဘိုင်းစီးပွားရေးဖိုရမ်(Dubai Business Forum)၏ လုပ်ငန်းအစီအစဉ်အပြည့်အစုံကို ဒူဘိုင်းကုန်သည်ကြီးများအသင်းမှ ထုတ်ပြန် ကြေညာခဲ့ပါသည်။
အဆိုပါဖိုရမ်ကို "ဆန်းသစ်တီထွင်၊ ရင်းနှီးမြှုပ်နှံမှု၊ ပေါင်းစည်းရေး ဒူဘိုင်း-ဂျာမန်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် လမ်းကြောင်းသစ်တစ်ခုဖန်တီးခြင်း" ခေါင်းစဉ်ဖြင့် ဟမ်းဘတ်ကုန်သည်ကြီးများအသင်းနှင့် အခြားသောအဓိကမိတ်ဖက်အဖွဲ့အစည်းများတို့နှင့် ပူးပေါင်းကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ ဂျာမန်ကုမ္ပဏီများကို ဒူဘိုင်းသို့ဆွဲဆောင်ရန်နှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးတိုးတက် မှုတို့အတွက် မဟာဗျူဟာအချက်အချာကျသော နေရာတစ်ခုအဖြစ် ဒူဘိုင်းပြည်နယ်အား သတ်မှတ်နိုင်ရန် ဦးတည်ဆောင်ရွက်ထားခြင်းဖြစ်ပါသည်။
ဒူဘိုင်းကုန်သည်ကြီးများအသင်းဥက္ကဋ္ဌဖြစ်သူ Sultan bin Saeed Al Mansoori က ဒူဘိုင်းပြည်နယ်မှ အဖွဲ့ဝင် ၄၄ ဦးပါဝင်သည့်ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်သွားမည်ဖြစ်ပြီး အဆိုပါဖိုရမ်သည် နယ်စပ်ဖြတ်ကျော်ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန်၊ ကမ္ဘာလုံးဆိုင်ရာစျေးကွက်များသို့ ဝင်ရောက်ရာတွင် ဂျာမန်ရင်းနှီးမြှုပ်နှံသူများကိုပံ့ပိုးရန်နှင့် ဒူဘိုင်း၏စီးပွားရေးအစီအစဉ်(D33)နှင့်အညီ မီးမောင်းထိုးဖော်ပြထားသည့်ကဏ္ဍများကို ပံ့ပိုးပေးရန်ရည်ရွယ်ထားပါသည်။
အဆိုပါတစ်ရက်တာဖိုရမ်အစီအစဉ်တွင် ဦးဆောင်သူများ၏တွေးခေါ်မှုဆိုင်ရာဆွေးနွေးမှုများ၊ အစုအဖွဲ့ဆွေးနွေးမှုများနှင့် အဆင့်မြင့်နည်းပညာ၊ ကုန်သွယ်မှုနှင့်ဆန်းသစ်တီထွင်မှုစသည့် အလားအလာရှိသောကဏ္ဍများကို စူးစမ်းလေ့လာနိုင်သည့် ကွန်ရက်ချိတ်ဆက်မှုဆိုင်ရာအခွင့်အလမ်းများ စသည်တို့ပါဝင်မည်ဖြစ်ပါ သည်။ ဂျာမန်အကျိုးတူအရင်းအနှီးကုမ္ပဏီများ၊ နိုင်ငံစုံကုမ္ပဏီများနှင့် လုပ်ငန်းတိုးမြှင့်မှုများသည် ဒူဘိုင်းပြည်နယ်၏အထောက်အပံ့ဖြစ်စေသော စီးပွားရေးဂေဟစနစ်နှင့် ကမ္ဘာလုံးဆိုင်ရာ ချိတ်ဆက်မှုတို့ကို ထိုးထွင်းသိမြင်နိုင်မည်ဖြစ်ပါသည်။
ဆွေးနွေးကြသူများတွင် ဒူဘိုင်းပြည်နယ်နှင့်ဂျာမနီနှစ်နိုင်ငံလုံးမှ အဆင့်မြင့်ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဂျာမနီနိုင်ငံဆိုင်ရာယူအေအီးသံအမတ်ကြီးဖြစ်သူ Ahmed Alattar၊ ဟမ်းဘတ်ကုန်သည် ကြီးများအသင်း၏အမှုဆောင်အရာရှိချုပ်ဖြစ်သူ Dr. Malte Heyne၊ ဒူဘိုင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်ပိုရေးရှင်း၊ DP World၊ DIFC Innovation Hub နှင့် ထိပ်တန်းဂျာမန်စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများတို့ပါဝင်မည်ဖြစ်ပါသည်။
ဟမ်းဘတ်တွင်ပြလုပ်မည့်ဖိုရမ်သည် ဘေဂျင်းနှင့်လန်ဒန်မြို့များတွင် အောင်မြင်မှုများရရှိခဲ့သော ဖိုရမ်များအပြီးနောက် ဒူဘိုင်းစီးပွားရေးဖိုရမ်၏ တတိယမြောက်နိုင်ငံတကာဖိုရမ်တစ်ခုဖြစ်ပါသည်။ ဖိုရမ်သည် နိုင်ငံတကာစီးပွားရေးမိတ်ဖက်များခိုင်မာစေရန်နှင့် ကမ္ဘာ့အရေးပါသောကမ္ဘာ့ဈေးကွက်များတွင် ၎င်း၏တည်ရှိမှုကိုချဲ့ထွင်ရန် ဒူဘိုင်း၏ဆက်လက်တွန်းအားပေးမှုကို ထင်ဟပ်စေကြောင်း သတင်း ဖော်ပြထားပါသည်။
Source: Emirates News Agency
(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)