ယူအေအီးနိုင်ငံမှ စီးပွားရေးဝန်ကြီးဖြစ်သူ Abdulla bin Touq Al Marri သည် ဥရောပသို့ တရားဝင်ခရီးစဉ်သွားရောက်စဉ်အတွင်း ခရိုအေးရှားနိုင်ငံမှ စီးပွားရေးနှင့်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Ante Šušnjar နှင့်နှစ်နိုင်ငံအဓိကစီးပွားရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။
စီးပွားရေးဝန်ကြီး Bin Touq ၏ ပိုမိုကျယ်ပြန့်သောဥရောပခရီးစဉ်အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ကျင်းပခဲ့သည့်အစည်းအဝေးတွင် စီးပွားရေးလုပ်ငန်းအသစ်၊ ခရီး သွားလုပ်ငန်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် အဆင့်မြင့်နည်းပညာများကဲ့သို့သောနယ်ပယ်များတွင် ပိုမိုနက်ရှိုင်းသောဆက်ဆံရေးကို အာရုံစိုက်ခဲ့ကြပါသည်။ နှစ်ဖက်စလုံးမှ ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးတိုးတက်ရေးနှင့် ပုဂ္ဂလိကကဏ္ဍထိတွေ့ဆက်ဆံမှုကိုအားပေးသည့် စီးပွားရေးနှင့်သဟဇာတရှိသောပတ်ဝန်းကျင်ကို မွေးမြူတည်ဆောက်နိုင်ရေး ကတိကဝတ်များကို အလေးပေးပြောကြားခဲ့ကြပါသည်။
Bin Touq မှ ၎င်း၏ နိုင်ငံတကာမိတ်ဖက်များကွဲပြားစေရန်အတွက် ယူအေအီးနိုင်ငံ ၏ဆက်လက်ကြိုးပမ်းအားထုတ်မှုများကို မီးမောင်းထိုးဖော်ပြခဲ့ပြီး ခရိုအေးရှားသည် ထွန်းသစ်စဥရောပစီးပွားရေးအနေဖြင့် ထောက်ပံ့ပို့ဆောင်ရေး၊ တီထွင်ဖန်တီးမှုလုပ်ငန်းများနှင့် အခြေခံအဆောက်အအုံများအပါအဝင် ကဏ္ဍများတွင် မဟာဗျူဟာမြောက်အခွင့်အလမ်းများကို ပေးဆောင်ထားကြောင်း သတိပြုမိကြောင်းနှင့် နှစ်နိုင်ငံစလုံးအတွက် ကျွမ်းကျင်မှုဖလှယ်ရန်နှင့် ခရီးသွားကဏ္ဍတွင် ၎င်းတို့၏ကမ္ဘာလုံးဆိုင်ရာ တည်ရှိမှုကိုမြှင့်တင်မည့် အလားအလာများကိုကိုးကား၍ ခရီးသွားလုပ်ငန်းကို အထူးအလားအလာကောင်းသောကဏ္ဍတစ်ခုအဖြစ် အလေး ပေးပြောကြားခဲ့ပါသည်။
နှစ်ဘက်ဝန်ကြီးများမှ စည်းမျဉ်း/စည်းကမ်းများဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအပေါ် အားကောင်းလာစေရန်နှင့် တိုးတက်ပြောင်းလဲနေသော ကမ္ဘာ့စီးပွားရေးတွင် ဆန်းသစ်တီထွင်မှုများကိုပံ့ပိုးကူညီရန် နည်းလမ်းများကိုလည်း ရှာဖွေခဲ့ကြပါသည်။ ဆွေးနွေးမှုများတွင် ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒများတွင် အကောင်းဆုံးအလေ့အကျင့်များကို ဖလှယ်ရန်နှင့် ယူအေအီးနိုင်ငံနှင့် ခရိုအေးရှားစီးပွားရေးအသိုင်းအဝိုင်းများအကြား ပိုမိုနီးကပ်သောတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန်အတွက် အစီအစဉ်များလည်း ပါဝင်ပါသည်။
Bin Touq သည် ရင်းနှီးမြှုပ်နှံမှုအလားအလာများကို တက်ကြွစွာစူးစမ်းလေ့လာရန်နှင့် ရေရှည်တည်တံ့သော စီးပွားရေးတိုးတက်မှုအတွက် နိုင်ငံများ၏အပြန်အလှန်ပန်းတိုင်များနှင့် ကိုက်ညီမှုရှိသော ဆက်သွယ်ရေးလမ်းကြောင်းများကိုဖန်တီးရန် ပုဂ္ဂလိကကဏ္ဍလုပ်ငန်းရှင်များအား အားပေးတိုက်တွန်းခဲ့ ပါသည်။
၎င်းအစည်းအဝေးတွင် စိတ်တူကိုယ်တူရှိသောလုပ်ဖော်ကိုင်ဖက်များနှင့် ပူးပေါင်းလုပ်ဆောင်သည့်မူဘောင်များမှတစ်ဆင့် ၎င်းတို့၏ကမ္ဘာ့စီးပွားရေးခြေရာကိုချဲ့ထွင် သွားမည့် ယူအေအီးနိုင်ငံ၏ ကတိကဝတ်အပေါ် ထပ်မံအတည်ပြုခဲ့ပါသည်။ နှစ်နိုင်ငံစလုံးသည် ဆန်းသစ်တီထွင်မှုနှင့်ရင်းနှီးမြှုပ်နှံမှုတို့အတွက် အချက်အချာကျသည့်နေရာအဖြစ် ရပ်တည်ရန်ရည်မှန်းထားသောကြောင့် မကြာမီကာလအတွင်း ပိုမိုခိုင်မာသောစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဆက်ဆံရေးများအတွက် အခြေခံအုတ်မြစ်ချသည့်ဆွေးနွေးပွဲအဖြစ် မျှော်လင့်ထားကြောင်း သတင်းဖော်ပြထားပါသည်။
Source: Emirates News Agency
(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)