International News

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့မှုများသောကြောင့် အိန္ဒိယတွင် ဆန်ဈေးသည် နှစ်ရက်အတွင်း ၁၄ ရာခိုင်နှုန်းမြင့်တက်

Last Updated:

ဘင်္ဂလားဒေ့ရှ်သို့ ဆန်အမြောက်အမြားတင်ပို့နေသည့် ကုန်သည်ကြီးများ၏လှုပ်ရှားမှုကြောင့် အိန္ဒိယပြည်တွင်းဆန်ဈေးနှုန်းများ ၂ ရက်အတွင်း ၁၄% အထိ ရုတ်တရက်မြင့်တက်သွားခဲ့ကြောင်း သိရှိရသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရက ဆန်တန်ချိန်ငါးသိန်းကို အကောက်ခွန်ကင်းလွတ်ခွင့်ပေးထားသောကြောင့် ယင်းသို့ပြည်တွင်းဈေးကွက် ကမောက်ကမဖြစ်မှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

အနောက်ဘင်္ဂလားပြည်နယ်၊ ဥတ္တာပရာဒေ့ရှ်ပြည်နယ်၊ အိန္ဒိယတောင်ပိုင်းမှ ကုန်သည်များသည် ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ဆန်တင်သွင်းခွန် ၂၀ ရာခိုင်နှုန်းယာယီဖြေလျှော့မည့်အစီအစဉ်ကို ကြိုတင်သတင်းရရှိထားပြီး Petrapole နယ်စပ်(အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်)အနီးရှိ ၎င်းတို့၏ ကုန်လှောင်ရုံများတွင် ကုန်စည်များကို အဆင်သင့်ထားရှိထားကြောင်းသိရသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရ၏ သွင်းကုန်ခွန်ဖယ်ရှားမှုနှင့်ပတ်သက် ၍ တရားဝင်ကြေညာချက်ကို ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စားသုံးသူဈေးကွက်တွင် Swarna အမျိုးအစားဆန်သည် တစ်ကီလိုလျှင် ၃၄ ရူပီးမှ ၃၉ ရူပီး အထိမြင့်တက်ခဲ့ပြီး Miniket အမျိုးအစားမှာ တစ်ကီလိုလျှင် ၄၉ ရူပီးမှ ၅၅ ရူပီးအထိတက်သွားကာ Ratna အမျိုးအစားသည် ယခင်က တစ်ကီလိုလျှင် ၃၆-၃၇ ရူပီးနှင့်နှိုင်းယှဉ်ပါက ရူပီး ၄၁- ၄၂ ဖြင့်ရောင်းချနေကြောင်း သိရှိရသည်။ Sona Masoori မျိုးကွဲဆန်အမျိုးစား၏ ဈေးနှုန်းမှာလည်း  ယခင်က တစ်ကီလိုလျှင် ၅၂ ရူပီး မှ ၅၆ ရူပီးအထိမြင့်တက်ခဲ့ကြောင်း သိရှိရသည်။

ဆန်တင်ပို့ခြင်းနှင့်စျေးကွက်ရှာဖွေရေးကုမ္ပဏီ RiceVilla ၏ CEO ဖြစ်သူ Suraj Agarwal က ဘင်္ဂလားဒေ့ရှ်အမျိုးသားအခွန်များဘုတ်အဖွဲ့သည် ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းတွင်သွင်းကုန်ခွန်ဖျက်သိမ်းကြောင်းကြေညာ ခဲ့ပြီး အိန္ဒိယနိုင်ငံမှ ထရပ်ကားများသည် ဗုဒ္ဓဟူးနေ့ညမှစတင်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မှုများစတင်ခဲ့ကြောင်း၊ Petrapole-Benapole နယ်စပ်မှတဆင့် ဆန်တင်ပို့ရာတွင် ကုန်စည်ပို့ဆောင်မှုနှင့် စရိတ်စကအရပိုမိုယှဉ်ပြိုင်နိုင်သောကြောင့် ဥတ္တာပရာဒေ့ရှ်ပြည်နယ်နှင့် အိန္ဒိယ တောင်ပိုင်းမှဆန်စက်များသည် ကုန်းလမ်းမှ ဆန်တင်ပို့နေကြခြင်းဖြစ် ကြောင်း ပြောကြားခဲ့သည်။

Swarna ဆန်အမျိုးအစားကို အိန္ဒိယနိုင်ငံတစ်ဝှမ်းတွင် စားသုံးကြပြီး Miniket အမျိုးအစားဆန်သည် အိန္ဒိယအရှေ့ပိုင်းနှင့် အရှေ့မြောက်ပြည်နယ်များတွင်ရေပန်းစားသည်။Ratna မျိုးစိတ်သည် အိန္ဒိယမြောက် ပိုင်းတွင် ရေပန်းစားသော်လည်း Sona Masoori သည် တောင်ပိုင်းပြည် နယ်များတွင် အများဆုံးစားသုံးကြောင်း သိရှိရသည်။

ဆန်တင်သွင်းခွန် ၂၀ ရာခိုင်နှုန်းကိုဖယ်ရှားရန် ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ဆောင်ရွက်မှုသည် နိုင်ငံ၏စျေးကွက်တည်ငြိမ်စေရန်နှင့် စားသုံးသူများအား ငွေကြေးဖောင်းပွမှုမှ သက်သာရာရစေရေးကူညီပေးရန်အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်းသိရှိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ပြည် တွင်းဝယ်လိုအားဖြည့်ဆည်းရန်အတွက် ဆန်တန်ချိန် ၁၃သိန်းတင်သွင်း ခဲ့ရပြီးနောက် ၂၀၂၅ ဘဏ္ဍာနှစ်တွင် ဆန်ဈေးနှုန်းသည် ၁၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရသည်။

ဆန်တင်ပို့ရောင်းချသည့်ကုမ္ပဏီ Halder Venture Limited ၏ မန်နေဂျင်းဒါရိုက်တာ Keshab Kumar Halder က ကမ္ဘာ့ဆန်ဈေးကွက်တွင် ထုတ်လုပ်မှုပိုလျှံနေပြီး အိန္ဒိယနိုင်ငံတွင်လည်း အစိုးရနှင့် ဂိုဒေါင်များတွင် လုံလောက်သော အရန်ဆန်စပါးများရှိနေပါကြောင်း၊ ထိုသို့သောအခြေအနေများကြောင့် ကမ္ဘာ့ဆန်ဈေးနှုန်းများကျဆင်းလျက်ရှိရာ၊ ဘင်္ဂလားဒေ့ရှ်မှဝယ်ယူမှုများသည် အိန္ဒိယဆန်ဈေးကွက်အား ဝယ်လိုအားဖန်တီးပေးပြီး ကမ္ဘာ့ပေါက်ဈေးကို တစ်စိတ်တစ်ပိုင်းလိုက်လျောညီထွေဖြစ်အောင် ဖန်တီးခြင်းအားဖြင့် အိန္ဒိယဈေးကွက်ကို လတ်တလောကျဆင်းမှုကနေ ပြန်လည်နာလန်ထူလာရန် ကူညီပေးမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

Source: Rice prices in India jump 14% in two days as traders rush to Bangladesh, The Economic Times, August 14, 2025.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News