စင်ကာပူနိုင်ငံ ဒုတိယဝန်ကြီးချုပ် Gan Kim Yong ၏ အိန္ဒိယနိုင်ငံခရီးစဉ်တွင် စင်ကာပူ-အိန္ဒိယနှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင် ရွက်မှုအနေဖြင့် ဒီဂျစ်တယ်စီးပွားရေး၊ အဆင့်မြင့်ကုန်ထုတ်လုပ်မှု၊ ရေ ရှည်တည်တံ့ခိုင်မြဲမှု၊ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်မှုစသည်တို့နှင့်စပ် လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း The Straits Times သတင်းစာတွင် ဖော်ပြထားပါသည်။
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့တွင်ပြုလုပ်ခဲ့သည့် တတိယအကြိမ်မြောက်အိန္ဒိယ-စင်ကာပူဝန်ကြီးများ အဆင့် စကားဝိုင်းဆွေးနွေးပွဲ(India-Singapore Ministerial Round table -ISMR)တွင် စင်ကာပူနိုင်ငံမှ ဒုတိယဝန်ကြီးချုပ် Gan Kim Yong ခေါင်းဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဒုတိယအကြိမ် ISMR အပြီး ဖြစ်ပေါ်တိုးတက်မှုများကို ပြန်လည်ဆန်းစစ်ခဲ့ပြီး ရေရှည်တည်တံ့မှု၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါး၊ အဆင့်မြင့်ကုန်ထုတ်လုပ်မှု၊ ချိတ်ဆက်မှုတို့အပါအဝင် နှစ်နိုင်ငံအကြား ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စများတွင် ထောက်ပံ့မှုများပြုလုပ်ရန်ဆွေးနွေးခဲ့ကြပါသည်။ အမေရိကန်နိုင်ငံ၏ အကောက် ခွန်နှုန်းသတ်မှတ်မှုများကြောင့် ကမ္ဘာ့စီးပွားရေးတွင် မသေချာမရေရာမှုများဖြစ်ပေါ်လျက်ရှိရာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်ဆွေးနွေးခဲ့ပါသည်။
အိန္ဒိယနိုင်ငံသည် ကမ္ဘာ့အဆင့် ၄ စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်ပြီး အမေရိကန်နိုင်ငံက ၅၀ ရာခိုင်နှုန်းအကောက်ခွန်နှုန်းသတ်မှတ်သည့် အတွက် စီးပွားရေးလုပ်ငန်းအများစုအပေါ် သက်ရောက်မှုများရှိလာမည်ဖြစ်ပါသည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံအနေဖြင့် စင်ကာပူနိုင်ငံကဲ့သို့ မိတ်ဖက်နိုင်ငံများနှင့်စီးပွားရေးအရပူးပေါင်းဆောင်ရွက်မှုများပိုမိုလုပ်ဆောင် ရန် အရေးတကြီးလိုအပ်လာကြောင်း လေ့လာသူများက ထောက်ပြကြပါသည်။
၂၀၂၄ ခုနှစ်တွင် Mr. Modi ၏ခရီးစဉ်တွင် စင်ကာပူနိုင်ငံနှင့်အိန္ဒိယနိုင်ငံသည် တစ်ပိုင်းလျှပ်ကူးပစ္စည်းများနှင့်စပ်လျဉ်းသည့် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါနားလည်မှု စာချွန်လွှာသည် စင်ကာပူကုမ္ပဏီများ အိန္ဒိယဈေးကွက်သို့ဝင်ရောက်မှုတွင် လွယ်ကူစေခဲ့ပါ သည်။
အိန္ဒိယနိုင်ငံမှ စင်ကာပူနိုင်ငံသို့ သဘာဝပတ်ဝန်းကျင်နှင့်ကိုက်ညီသည့် အစိမ်းရောင်စွမ်းအင်(Green Energy)တင်ပို့နိုင်ရန် နည်းလမ်းများကို ရှာဖွေလျက်ရှိပါသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် Sembcorp Green Hydrogen India က Paradeep မြို့တွင် ဟိုက်ဒရိုဂျင်ထုတ်လုပ်သည့်စက်ရုံတည်ထောင်ရန်အတွက် စည်းနှောင်မှုမရှိသည့် သဘောတူစာချုပ်ကို Odisha ပြည်နယ်အစိုးရနှင့် လက်မှတ်ရေးထိုးခဲ့ပါသည်။ နှစ်နိုင်ငံသည် ရေလမ်းကြောင်းစင်္ကြံ ထူထောင်ရန်၊ Paradeep ဆိပ်ကမ်းမှ စင်ကာပူမြို့သို့ green fuel ကုန်သွယ်မှုကို အထောက်အကူပြုရန် လေ့လာမှုများပြုလုပ်လျက်ရှိပါသည်။
အိန္ဒိယနိုင်ငံနှင့်စင်ကာပူနိုင်ငံသည် စီးပွားရေးအရ နီးကပ်သည့်ဆက်ဆံရေးရှိပြီး စင်ကာပူနိုင်ငံသည် အိန္ဒိယနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပြုလုပ်သည့် ထိပ်တန်းနိုင်ငံဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်မှစ၍ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု၏ ၂၄ ရာခိုင်နှုန်းရှိပါသည်။
ရင်းမြစ်။ The Straits Times
(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)